၁၇. ၆. ၂၀၂၃
Written by Thettant
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအတွင်းရှိ CB ဘဏ် အပါအဝင် ဆိုင်ခန်းများ မီးလောင်မှု ယမန်နေ့ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှူအား တစ်နာရီခွဲကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“စလောင်တာက ဘယ်ကလဲဆိုတာ စစ်ဆေးနေဆဲပါ။ CB ဘဏ်ကလည်း လောင်တဲ့အထဲ ပါသွားတယ်။ အခုထိတော့ ပျက်စီးဆုံးရှုံးမှုတွေက တာဝန်ရှိသူတွေက စစ်ဆေးနေဆဲပါ။ ညက မီးတအားများတော့ တစ်နာရီခွဲလောက် ဝိုင်းပြီး ငြှ်ိမ်းကြရတာ” ဟု အဆိုပါမီးလောင်မှုဖြစ်စဥ်ကို ကူညီခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News သို့ပြောသည်။
မီးလောင်ကျွမ်းမှုဖြစ်စဥ်အား ဇွန်လ ၁၆ ရက် ည ၉ နာရီ ၅၉ မိနစ်ခန့်က သိရှိရခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်ဦးစီးဌာနက Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ အချိန်မှသာ မီးထိန်းခဲ့ပြီး ည ၁၁ နာရီ ၃၃ မိနစ်မှသာ မီးငြိမ်းခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုမီးလောင်မှုဖြစ်စဥ်တွင် မီးပူဟပ်ခြင်းနှင့် မီးခိုးငွေ့များကြောင့် လူတစ်ဦးထိခိုက်မှုဖြစ်ပွားခဲ့ပြီး ကရုဏာကမ်းလက်(ရှင်ရေး/နာရေး)ကူညီမှုအသင်း အပါအဝင် မီးလောင်ပြင်သို့ရောက်ရှိနေသည့် ပရဟိတအဖွဲ့ဝင်များက ကူညီကုသပြုစုပေးခဲ့ရကြောင်းလည်း သိရသည်။