၁၆. ၆. ၂၀၂၃.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပါတွန်သာနီပြည်နယ်အတွင်းရှိ အလှပြုပြင်ရေးဆေးခန်းတစ်ခု၌ နှာခေါင်း အလှခွဲစိတ်ပြုပြင်နေစဉ် ထိုင်းအမျိုးသမီးတစ်ဦးမှာ ဇွန်လ ၁၅ ရက်က သေဆုံးခဲ့ရကြောင်း သိရသည်။
ပါတွန်သာနီပြည်နယ်၊ သာညာဘူရီခရိုင်အတွင်း ရန်ဆစ်-ပါတွန်သာနီလမ်းပေါ်ရှိ နီတီကန်ဆေးခန်းတွင် ဆီရီယာ နယူး ဒါတီရက်ဆာ အမည်ရှိ အဆိုပါအမျိုးသမီးက ခွဲစိတ်ရန် မေ့ဆေးပေးစဉ် အသက်ရှုရပ်ကာ နှလုံးခုန်ရပ်သွားခဲ့ပြီး ဇွန်လ ၁၅ ရက် ညနေ ၄ နာရီတွင် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
ကယ်ဆယ်ရေးအဖွဲ့က ရောက်ရှိသွားခဲ့ပြီးနောက် အသက် ၂၅ နှစ်ရှိ ဆီရီယာ နယူး ဒါတီရက်ဆာအား အသက်ပြန်လည်ရှုလာစေရန် အရေးပေါ်ရှေးဦးသူနာပြုစုနည်းများဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း သတိပြန်မရနိုင်တော့ဘဲ သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတွင် အခြားသော ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
နယူး၏ သူငယ်ချင်းဖြစ်သော အသက် ၂၉ နှစ်ရှိ နာပါပွန် ဆီနွန်က နယူးမှာ နှာခေါင်းခွဲစိတ်အလှပြုပြင်မှုကို အခြားအလှပြင်ဆေးခန်းတစ်ခုတွင် ပထမတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ခွဲစိတ်ပြင်ဆင်မှုအား မနှစ်သက်ဘဲရှိသည်တွင် ဒုတိယဆေးခန်း၌ ထပ်မံ၍ ခွဲစိတ်ပြင်ဆင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
နယူးက ၎င်း၏နှာခေါင်းတွင် ပထမဆေးခန်းက ခွဲစိတ်ထည့်သွင်းထားသော ဆီလီကွန်ကိုပြန်ထုတ်ကာ နှာခေါင်းခွဲစိတ်အလှပြုပြင်မှုအသစ်တစ်ရပ် ထပ်မံဆောင်ရွက်ရန် ဇွန်လ ၁၅ ရက်က ဒုတိယဆေးခန်းသို့ သွားခဲ့ခြင်းဖြစ်ကြောင်း၊ နယူးအား နံနက် ၁၀ နာရီခန့်တွင် ဆေးခန်းသို့ လိုက်ပို့ပြီးနောက် ခွဲစိတ်မှုမှာ လေးနာရီခန့် ကြာမည်ဖြစ်၍ မိမိမှာ အိမ်သို့ပြန်လာခဲ့ကြောင်း၊ သို့သော် ၎င်းအား နယူးက ဆက်သွယ်မှုတစ်စုံတစ်ရာမ ပြုလုပ်ခဲ့သဖြင့် ၎င်းအားခေါ်ယူရန် ဆေးခန်းသို့ သွားခဲ့ကြောင်း နာပါပွန်က ဆက်လက်ပြောကြားခဲ့သည်။
နာပါပွန်က “ဆေးခန်းအရောက်မှာတော့ အရေးပေါ်ကျန်းမာရေးကယ်ဆယ်ရေးအဖွဲ့ဝင်တွေရော၊ တခြား ဆေးတပ်ဖွဲ့ဝင်တွေပါတွေ့ခဲ့တော့ ကျွန်မတော်တော်အံ့အားသင့်ပြီး တုန်လှုပ်သွားမိတယ်။ ဒါနဲ့ဆေးခန်းထဲ ပြေးဝင်သွားခဲ့တော့ ဆေးခန်းက နယူးက အစောပိုင်းမှာ အသက်ရှုရပ်ပြီး သတိလစ်နေတာပါလို့ ကျွန်မကိုပြောသေးတယ်” ဟုလည်း ပြောခဲ့သေးသည်။
သို့သော် နယူးမှာ လုံးဝနှလုံးခုန်ရပ်၍ အသက်မရှိတော့သည့်နောက်တွင် ရဲတပ်ဖွဲ့က ဆေးခန်းဆရာဝန်နှင့် အခြားအဖွဲ့ဝင်များကိုစစ်မေးရန် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဤကဲ့သို့ မျက်နှာနှင့် လူ့ခန္ဒာကိုယ်၏ အခြားအစိတ်အပိုင်းအမျိုးမျိုးကို ခွဲစိတ်အလှပြုပြင်မှု ဆောင်ရွက်ခြင်းများက အထူးရေပန်းစားလျက်ရှိသည်။ မတ်လအတွင်းကလည်း ဘန်ကောက်မြို့အနီးရှိ နွန်သာဘူရီပြည်နယ်၊ ပတ်ကရက်ခရိုင်အတွင်းရှိ Marichche ဆေးခန်းတွင် ထိုင်းအမျိုးသမီးတစ်ဦးမှာ ရင်သားကြီးစေရန် ခွဲစိတ်မှုပြုအပြီး ခြောက်နာရီအကြာတွင် သေဆုံးခဲ့ရသေးသည်။ ထိုဆေးခန်းက သာမန် အသေးစားခွဲစိတ်မှုများလုပ်ရန်သာ လုပ်ငန်းလိုင်စင်ရထားပြီး ထိုအမျိုးသမီးမှာ ၎င်း၏ရင်ဘတ်အတွင်း သွေးယိုစီးမှုများဖြစ်မှုကြောင့် သေဆုံးခဲ့ခြင်းဟု သိရသည်။ ထိုအတွက်အမျိုးသမီး၏ မိသားစုက ဘတ် ၁၀ သန်းတောင်းဆိုခဲ့သော်လည်း ဆေးခန်းက သင်္ဂြိုလ်စရိတ်အတွက် ဘတ် ၁၀၀,၀၀၀ သာ ပေးခဲ့ကြောင်းလည်း သိရသည်။
Ref—— The Thaiger