၁၆. ၆. ၂၀၂၃
Written by Nay Aung
ရုရှားနိုင်ငံပိုင် Rosatom Group သည် မြန်မာနိုင်ငံတွင် ၃၇၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် လေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်နိုင်ရန်အတွက် Wind Farms များတည်ဆောက်ရန် စီစဉ်လျက်ရှိနေကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြသည်။
ရုရှား Rosatom Group၏ လက်အောက်ခံကုမ္မဏီဖြစ်သော Novawind သည် မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Primus Advanced Technologies Ltd ကုမ္ပဏီများကြား ဖြစ်နိုင်ခြေရှိသော ကနဦးလေ့လာဆန်းစစ်မှုများကိုလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် ၁၇၂ မဂ္ဂါဝပ်၊၂၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် လေအားလျှပ်စစ်စီမံကိန်းနှစ်ခုကို စတင်နိုင်ရန် Wind Farms များတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်
NovaWind ကုမ္ပဏီ၏ CEO ဖြစ်သူ Grigoriy Nazarov က “ကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာဟာ မကွေးတိုင်းဒေသကြီးမှာ လေစွမ်းအင်သုံး လျှပ်စစ်မီမံကိန်းတည်ဆောက်နိုင်ရေးအတွက် အဓိကအရေးပါတဲ့အဆင့်တစ်ခုဖြစ်ပါတယ်။ ROSATOM အုပ်စုဟာ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာကြာ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍအတွက် စတင်မှုဖြစ်ပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်မှာပါ” ဟု ပြောသည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် လေစွမ်းအင်ဖြင့် ၁၇၂ မဂ္ဂါဝပ်၊ မင်းတုန်းမြိုတွင် လေစွမ်းအင်ဖြင့် ၅၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စီမံကိန်း၊ မင်းလှမြို့တွင် လေစွမ်းအင်ဖြင့် ၁၁၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လျှပ်စစ်စီမံကိန်းများကို လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့အပြင် ကျောက်ပန်းတောင်း၊ ညောင်းဦးမြို့တို့တွင် လျှပ်စစ်ဓါတ်အား ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် Wind Farm များတည်ဆောက်ရန် စီစဉ်ထားကြောင်း Rosatom Group က ဆိုသည်။
Ref——-interfax.