MT News
Written by Ye Kyaw
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် “6th China International Import Expo (CIIE)” တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တစ်ဦးလျှင် ပြခန်း ၄ ခန်းအထိ အခမဲ့ပါဝင်ပြသနိုင်သဖြင့် စိတ်ပါဝင်စားသူများ လာရောက်လျှောက်ထားရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)က ဇွန်လ ၁၅ ရက်တွင် ကြေညာထားသည်။
အဆိုပါ CIIE ပြပွဲအား ရှန်ဟိုင်းမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ အရည်အသွေးမြင့်ထုတ်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပိုရောင်းချနိုင်ရေးနှင့် ဝင်ငွေများတိုးမြင့်နိုင်ရေး ရည်ရွယ်၍ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်း ၄ ခန်းစီကို အခမဲ့ ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
“လက်တလောသိထားတာကတော့ ပို့ကုန်ကဏ္ဍအစုံ အားလုံးလာလျှောက်လို့ရတယ်။ ကန့်သတ်ထားတာမရှိသေးဘူး။ စီးပွားရေးလုပ်ငန်းရှင်ဦးရေ ဘယ်လောက်အထိ ပေးသွားမယ်ဆိုတာတော့ မသိသေးဘူး။ အခုက ဒီသတင်းအချက်အလက်ကို သိအောင်အရင်ဖော်ပြပေးထားတာပါ” ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံလက်ဖက်အသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကော်ဖီအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ Korea TASK Project တွင် ပါဝင်သော ကုမ္ပဏီများအတွက် ပြခန်းတစ်ခန်းစီ ခွဲဝေသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အခုတစ်ခန်းစီပဲပေးတဲ့ လုပ်ငန်းအမျိုးအစားတွေကတော့ သူတို့ထပ်လိုတဲ့ ကျန်တဲ့အခန်းတွေအတွက်ကတော့ ပြခန်းဝယ်တာမျိုး၊ ငှားတာမျိုးလုပ်ရလိမ့်မယ်”ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပါဝင်တက်ရောက်မည့်လုပ်ငန်းရှင်များအနေဖြင့် UMFCCI သို့ မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/ အသင်းအဖွဲ့အမည်၊ ဆက်သွယ်ရန် Email လိပ်စာနှင့် ဖုန်းနံပါတ်တို့အား ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)၊ Email: [email protected]၊ သို့ မိတ္တူ ပေးပို့ရန် အသိပေးထားသည်။
ပြပွဲသို ပါဝင်တက်ရောက်ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်၏ အသင်းသားများ၊ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ Email: [email protected] သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်း၍ ပါဝင်ပြသမည်ဆိုပါက Registration Form: https://rb.gy/5vvol တွင် ပြည့်စုံစွာ ဖြည့်စွက်၍ အလျင်အမြန် အမည်စာရင်းပေးပို့နိုင်မည်ဖြစ်သည်။