၁၆. ၆. ၂၀၂၃
Written by Ye Kyaw
သံသတ္တုရိုင်းမှ သံစိမ်းများကို ထုတ်လုပ်ပေးမည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇွန်လ ၁၅ ရက်တွင် ပြုလုပ်သည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း ပြန်လည် စတင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန်ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများကို ရေရှည်စဥ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အမြန်ဆုံးပြီးစီးနိုင်ရန် ပြည်ပ ကျွမ်းကျင်ပညာရှင်များ လာရောက်၍ ကျန်ရှိနေသည့် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်းက ပြောကြားသည်။
အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိက ထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသယံဇာတကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါဘဲ စမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သည်။
ကျန်ရှိသည့် အလုပ်ရုံခွဲသုံးရုံကို ရုရှားနိုင်ငံမှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံများသည် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီးနောက် စက်ရုံယာယီရပ်ဆိုင်းရစဥ် လေးနှစ်ကျော် ရပ်နားထားခဲ့ရကြောင်း သိရသည်။
စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံများအချင်းချင်း ချိတ်ဆက်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ယခုမှသာ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက်ဆောင်ရွက်မှုများကို ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း သိရသည်။