၁၆. ၆. ၂၀၂၃
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ မာနီတိုဘာပြည်နယ်အတွင်း ကျေးလက်ဒေသတစ်ခု၌ သက်ကြီးရွယ်အိုခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီးက ကုန်တင်ကားတစ်စီးနှင့် ဇွန်လ ၁၅ ရက်မွန်းလွဲပိုင်းက တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့ကြသည်။
အဝေးပြေးလမ်း အမှတ် (၅) ပေါ်တွင် ကာစီနိုရုံ တစ်ခုစီသို့ ဦးတည်ကာ တောင်ဘက်အရပ်သို့ မောင်းနှင်လာသော ဘတ်စ်ကားက ကာဘယ်ရီမြို့အနီးအရောက်တွင် အဝေးပြေးလမ်း အမှတ် (၁) အတိုင်း အရှေ့ဘက်သို့ ဦးတည်မောင်းနှင်လာသော နောက်တွဲပါကုန်တင်ကား အလတ်စားတစ်စီးနှင့်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ကုန်တင်ကားက ဝင်နီပက်မြို့ အနောက်ဘက် ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်)ခန့်အကွာတွင် ကာဘယ်ရီမြို့မြောက်ဘက် အဝေးပြေးလမ်းနှစ်ခု၏လမ်းဆုံ၌ ဘတ်စ်ကားကို ဝင်တိုက်မိခဲ့ခြင်းဟုလည်း သိရသည်။
ယာဉ်တိုက်မိမှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ ဒဏ်ရာရသူများတွင် ကားနှစ်စီးစလုံးမှ ယာဉ်မောင်းများလည်းပါဝင်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သူနာတင်ယာဉ် ၁၂ စီးရောက်ရှိလာသည့်အပြင် လေကြောင်း အရေးပေါ်သူနာတင်ရဟတ်ယာဉ်များပါ ရောက်ရှိလာခဲ့သည်။
ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ဒေါ်ဖင်မြို့အတွင်းနှင့် အနီးတစ်ဝိုက်တွင်နေထိုင်သူများလည်း ဖြစ်သည်ဟု သိရသည်။ သို့သော် ဇွန်လ ၁၅ ရက် ညနေပိုင်းအထိ ယာဉ်တိုက်မှုတွင် သေဆုံးဒဏ်ရာရခဲ့သူများအားလုံး၏ မိသားစုများသို့ အကြောင်းကြားခြင်းမပြုလုပ်နိုင်သေးဟုလည်း သိရသည်။
Ref—— CNN