၁၆. ၆. ၂၀၂၃
Written by Min Mahar
တစ်ဦးတည်းဆိုင်ကယ်စီးလာသော အမျိုးသမီးအား အမည်မသိလူငယ်သုံးဦးက လုယက်မှုပြုလုပ်စဉ် အော်ဟစ်အကူညီတောင်းခံခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားမှု မန္တလေးမြို့တွင် ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ မန္တလေး-လားရှိုး သံလမ်းဘေးတွင် ဇွန်လ ၁၅ ရက်နေ့ (ယမန်နေ့ည) ည ၇ နာရီထိုးပြီးစက အသက် ၅၀ နှစ်ခန့်ရှိသော အမျိုးသမီးကြီးသည် အနက်ရောင် Scoopy ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မြဝတီမင်းကြီးလမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာစဥ်အတွင်း မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော CZI အနက်ရောင်(နံပါတ်မပါ) အမည်မသိလူငယ် ၃ ဦးမှ ၎င်းအမျိုးသမီး၏ဆိုင်ကယ်အား ဝိုင်း၍ လုယက်မှုပြုလုပ်စဥ် အနီးပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံသဖြင့် လုယက်သူများထဲမှ တစ်ဦးက သေနတ်အတိုဖြင့် ၁ ချက်ပစ်ခတ်ပြီး အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးကြီးသည် ဝဲဘက်ပခုံးဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းနှင့် ၎င်းပစ်ခတ်ခံရသောအမျိုးသမီးသည် ချမ်းမြသာစည်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ၊အကွက်-၄၉၇ တွင်နေထိုင်သူဖြစ်ပြီး အိမ်ခြံမြေပွဲစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျူးလွန်ခဲ့သောတရားခံများအား အမြန်ဆုံးပြန်လည်ဖမ်းဆီးမိရေးအတွက် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။