၁၆. ၆. ၂၀၂၃
Written by Thettant
ယခုနှစ် လေးလအတွင်း သောင်းကျန်းသူရှို့မီးအပါအဝင် မီးလောင်မှု ၇၄၅ ကြိမ်ဖြစ်ပွားပြီး ပြည်သူ ၅၁ ဦးသေဆုံးကာ ကျပ် ၁၁ ဘီလျံခန့် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာ ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မီးအမျိုးအစားအလိုက် မီးဖိုမီး ၁၂၅ ကြိမ်၊ ပေါ့ဆမီး ၂၁၃ ကြိမ်၊ အလိုအလျောက်မီး ၁၅ ကြိမ်၊ လျှပ်စစ်မီး ၂ဝဝ ကြိမ်၊ မသမာသူရှို့မီး ၄၉ ကြိမ်၊ တောမီး ၈၇ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၅၄ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် စုစုပေါင်း ၇၄၅ ကြိမ် ဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ပျက်စီးရသည့် အိမ်ခြေအဆောက်အဦ ၁၉ဝဝ လုံးတွင် စက်ရုံ/အလုပ်ရုံ ၆ လုံးနှင့် ဂိုဒေါင် ၁၂ဝ လုံး အပါအဝင် မီးလောင်ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၄၅၄၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လူ ၅၁ ဦးသေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိကာ တိရစ္ဆာန် ၂၉၈၄ ကောင် သေဆုံး၍ ငွေကျပ် ၁၀၈၉၆ ဒသမ ၁၄ဝ သန်းခန့် ဆုံးရှုံးခဲ့ရသည်။
လအလိုက်တွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံတော်တစ်ဝန်းလုံး၌ မီးလောင်မှု ၂၀၅ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးအမျိုးအစားအလိုက် မီးဖိုမီး ၃၁ ကြိမ်၊ ပေါ့ဆမီး ၆၀ ကြိမ်၊ အလိုအလျောက်မီး ၅ ကြိမ်၊ လျှပ်စစ်မီး ၄၇ ကြိမ်၊ မသမာသူရှို့မီး ၁၉ ကြိမ်၊ တောမီး ၃၃ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၉ ကြိမ်၊ မိုးကြိုးပစ် ၁ ကြိမ် ဖြစ်သည်။ ထိုဖြစ်ရပ်များတွင် အိမ်ခြေအဆောက်အဦ ၅၁၆ လုံး ဆုံးရှုံးပြီး စက်ရုံ/အလုပ်ရုံ ၁ လုံး၊ ဂိုဒေါင် ၂၁ လုံး မီးလောင်ခံရကာ မီးဘေးသင့်ပြည်သူ ၁၁၂၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့ပြင် ဒဏ်ရာရသူ ၂၁ ဦးရှိပြီး ပြည်သူ ၁၆ ဦး သေဆုံးခဲ့ကာ ငွေကျပ် ၂၉၄၈ ဒသမ ၃၄၁ သန်းခန့် ဆုံးရှုံးခဲ့ရသည်။
ထို့အတူ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ သဘာဝဘေး အန္တရာယ်ကြောင့် လေပြင်းတိုက်ခတ်မှု ၁၅ ကြိမ်၊ ယာဉ်တိုက်မှု ၁၂ ကြိမ်၊ ယာဉ် တိမ်းမှောက်မှု ၂၃ ကြိမ်၊ ရေယာဉ်နစ်မြုပ်မှု ၈ ကြိမ်၊ ရေတွင်းပြုတ်ကျမှု ၃ ကြိမ်၊ သစ်ပင်ပြိုလဲမှု ၁၉ ကြိမ်၊ မတော်တဆထိခိုက်မှု ၂ ကြိမ် ၊ တိရစ္ဆာန်ဖမ်းဆီးကယ်ဆယ်မှု ၂ ကြိမ်၊ စုစုပေါင်း ၈၄ ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှိ သန္ဓေအင်အား ၇၀၅ ဦးနှင့် အရန်မီးသတ်အင်အား ၁၃၁ ဦးတို့မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်မှုကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂၇ ဦး တိုအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။