၁၅. ၆. ၂၀၂၃
Written by Thettant
TZ PDF အဖွဲ့ အခြေပြုစခန်းချရာ သာဇင်ရွာ စစ်ကြောင်းထိုးခံရပြီး နှစ်ဖက်တိုက်ပွဲကြား ရွာမီးလောင်ကာ PDF ၏ မိုင်းစခန်း မီးလောင်ဆုံးရှုံး
NUG ဩဇာခံ TZ People Defense Force ရဲ့ အခြေစိုက်စခန်းရှိရာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သာဇင်ကျေးရွာက PDF စခန်းကို ဇွန်လ ၁၃ ရက် နံနက် ၈ နာရီခွဲက စပြီး စစ်ကြောင်းထိုးခံရမှုမှာ နှစ်ဖက်တိုက်ပွဲအကြား အဖွားအိုတစ်ဦးမီးလောင်သေဆုံးပြီး ရွာကအိမ်ခြေ ၆၀၀ လောက်လည်း ပျက်စီးခဲ့သလို TZ PDF ရဲ့ မိုင်းစခန်းလည်း ပျက်စီးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ကျန်းမာရေးချို့ယွင်းနေတဲ့ NLD နာယက သူရဦးတင်ဦး ဧည့်သည်လက်မခံကြောင်း အသိပေး
အသက် ၉၆ နှစ်အရွယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ NLD ပါတီနာယက သူရဦးတင်ဦးဟာ ဧည့်သည်လက်မခံတော့ဘူးလို့ သူ့အိမ်ရှေ့မှာ တရားဝင်စာချိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သဘာဝတရားရိပ်သာဆရာတော်က ငြိမ်းချမ်းရေးအတွက် ဦးတင်ဦးနဲ့တွေ့ခဲ့တဲ့ မူဗီဖိုင်တင်ခဲ့ပြီး အဲဒီမူဗီဖိုင်မှာလည်း ဇရာထောင်းနေပြီး လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဦးတင်ဦးဟာ စကားသံမကွဲတော့တာ တွေ့ရပါတယ်။
ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးပစ်ခတ်ခံရ၍ ဇောတိကရာမဘုန်းကြီးကျောင်း ကျည်ထိကာ သံဃာ ၁ ပါး ဒဏ်ရာရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းက လုံခြုံရေးတပ်ဖွဲ့တွေကို KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ အမှတ် (၂) ရပ်ကွက်က ဇောတိကရာမဘုန်းကြီးကျောင်းဝင်းအတွင်းကို ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းအမိုးသွပ်နဲ့ မျက်နှာကြတ်တွေ ပျက်စီးခဲ့သလို ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာအနီး ကျောင်းသန့်ရှင်းရေးဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။
တောင်ငူ၊ ထိုးဝါးကျေးရွာ အထကကကျောင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းသူ ၃ ဦးဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထိုးဝါးကျေးရွာက ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ နီးပါး တက်ရောက်နေတဲ့ အခြေခံပညာအထက်တန်းကျောင်းအနီးကို ဇွန် ၁၄ ရက် ညနေ ၅ နာရီကျော်မှာ လက်နက်ကိုင်အကြမ်းဖက်သူတွေ ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်တာကြောင့် ကျောင်းသူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လဲချားမြို့မစျေးအနီး လူတစ်ဦး ပစ်သ-တ်ခံရ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့မစျေးနားမှာ အသက် ၃၀ ပတ်လည် အမျိုးသားတစ်ဦးကို ပစ်ခတ်သ-တ်ဖြတ်မှု ဒီနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကနဦးသတင်းတွေအရ သ-တ်ဖြတ်ခံရသူဟာ SSPPP/SSA အဖွဲ့နဲ့ ဆက်နွှယ်ဖွယ်ရှိပြီး အဆိုပါအမျိုးသားကို လက်နက်ကိုင်လူတစ်စုက ကားပေါ်တက်ဖို့ ချော့မော့ဖျောင်းဖျခေါ်ပေမဲ့ မရတဲ့အဆုံး ပစ်သ-တ်သွားတာလို့လည်း သိရပါတယ်။