MT News
Written by Min Mahar
သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာတွင် သီတင်းသုံးနေသော ရဟန်းသံဃာတစ်ပါးအား PDF အဖွဲ့များက ဇွန်လ ၁၄ ရက်က သ-တ်ဖြတ်သွားမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာ၊ မန္တလေး-ဗန်းမော်ကားလမ်းအရှေ့ဘက်၊ တစ်ဖာလုံခန့်အကွာတွင်ရှိသော ယာယီတဲကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် သက်တော် ၆၀ ၊ ဝါတော် ၁၀ ဝါရှိသောရဟန်းအား ဇွန်လ ၁၄ ရက် မနက်ပိုင်းက ယာယီတဲကျောင်း၏ တောင်ဘက်ယာခင်းထဲ၌ PDF အဖွဲဝင်များက သေနတ်ဖြင့်ပစ်သ-တ်ခဲ့မှုကြောင့် သေနတ်ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေကြောင်း သိရသည်။
“အသ-တ်ခံရတဲ့ရဟန်းက တစ်ပါးတည်း ယာယီတဲကျောင်းမှာ သီတင်းသုံးနေပြီးတော့ မနေ့က မနက်ပိုင်းက အဲ့ဒီတဲရဲ့တောင်ဘက်ယာခင်းထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာဖြစ်တယ်။ အဲ့ဒီမှာသီတင်းသုံးနေတာ ၅ နှစ်လောက်တော့ရှိတော့မယ်။ အသတ်ခံရတဲ့ ရဟန်းက ကိုးပင်ရွာထိပ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့စစ်တပ်နဲ့ ကိုးပင်ရဲကင်းစခန်းဝင်းအတွင်းကို အဝင်အထွက်ရှိလို အခုလိုသတ်ဖြတ်သွားတာပဲဖြစ်မယ်။ ခေတ်ကာလကြီးက ကြောက်စရာတော်တော်ကောင်းနေပြီ။ ရဟန်းသံဃာလည်းမရှောင်တော့ဘူး” ဟု ရွာခံတစ်ဦးက ဇွန်လ ၁၅ ရက် ပြောသည်။
အဆိုပါအသ-တ်ခံရသော ရဟန်းသည် ကိုးပင်အနောက်ကျောင်းတိုက်၊ စိတ္တသုခကျောင်းတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ရဟန်းဝတ်ခဲ့ပြီးနောက် ယခုယာယီတဲကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည်မှာ ၅ နှစ်ခန့်ရှိပြီဟုလည်း သိရသည်။