MT News
Written by Nay Aung
မြန်မာနိုင်ငံအနေဖြင့် လာမည့်ဇူလိုင်လတွင် ရုရှားနိုင်ငံနှင့် ပထမဆုံးအကြိမ် လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝန်ကြီးဒေါက်တာကံဇော်သည် ဇွန်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့တွင် ကျင်းပသော နိုင်ငံတကာစီးပွားရေးဖိုရမ် SPIEF-2023ကို တက်ရောက်လာချိန်အတွင်း ရုရှားအခြေစိုက် RIA Novosti သတင်းဌာနနှင့်အင်တာဗျူးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအခြေစိုက် Myanmar Airways International လေကြောင်းလိုင်းသည် ရုရှားနိုင်ငံ မော်စကိုမြို့နှင့် Novosibirsk မြို့တို့ကို လေကြောင်းချိတ်ဆက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ MAI လေကြောင်းလိုင်းသည် ရန်ကုန်၊ မန္တလေးမြို့များမှ ရုရှားနိုင်ငံ မော်စကိုမြို့၊ နှင့် Novosibirsk မြို့တို့ကို လေကြောင်းခရီးစဉ်တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့်ပျံသန်းဖွယ်ရှိနေကြောင်း ဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် လေကြောင်းချိတ်ဆက်ပျံသန်းမည့် အစီအစီစဉ်ကို စိတ်အားထက်သန်လျက်ရှိနေကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများကို ဖျက်သိမ်းမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးကပြောသည်။ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်တည်းက ရုရှားနိုင်ငံသားများအတွက် ခရီးသွားဗီဇာကန့်သတ်မှုများကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ ရုရှားနှင့်မြန်မာနိုင်ငံကြား လေကြောင်းချိတ်ဆက်ပျံသန်းမှုများကြောင့် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်လာဖွယ်ရှိနေသလို ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း သိရသည်။
နစကအဖွဲ့တာဝန်ယူပြီးနောက် မြန်မာနိုင်ငံသည် ရုရှားနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပြီး ရုရှားနိုင်ငံနှင့် လေကြောင်းပျံသန်းရန် ပြီးခဲ့သောနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Ref——-RIA Novosti