၁၅. ၆. ၂၀၂၃
Written by Min Mahar
ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးအား အမည်မသိအမျိုးသားနှစ်ဦးက အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသောလက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ကာ အခွန်ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြာင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ဇွန်လ ၁၅ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၁ (A)နှင့် ၁၀၂ လမ်းကြား၊ လမ်း ၆၀ ပေါ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)အား အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် လမ်း ၆၀ အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာကာ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ အခွန်ရုံး(၅) လုံခြုံရေးဂိတ်တဲဘေး ကားပါကင်အတွင်းကျရောက်ပေါက်ကွဲခဲ့ရာ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)မှ အသက် (၅၁ နှစ်) အရွယ်ဝန်ထမ်းဖြစ်သူ အကြီးတန်းစာရေးတစ်ဦး၏ ဝဲဘက်ခြေသလုံးကို ထိမှန်သွားကာ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။
ထို့အပြင် ကားပါကင်အတွင်းရပ်ထားသော KCN.3D/28..G Touring အဖြူရောင်ယာဥ်နှင့် SGG. 7R/32.. KIA အဖြူရောင်ယာဥ်၏ အနောက်ဘက်ခြမ်းကိုလည်း ဖောက်ဝင်ထိမှန်ခဲ့ကြောင်းနှင့် ဒဏ်ရာရှိသွားသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း အခွန်ရုံးမှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဘောစိ ၁၅ လုံး၊ သံဘူးခွံအပိုင်းအစများအားတွေ့ရှိခဲ့သဖြင့်သိမ်းဆည်းခဲ့ကြောင်းနှင့်လက်လုပ်မိုင်းဖြင့်ပစ်ပေါက်သော အမည်မသိအမျိုး သား ၂ ဦးအား အမှတ်(၁၁)နယ်မြေရဲစခန်းမှ အမှုဖွင့်ထားပြီး တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။