၁၅. ၆. ၂၀၂၃
Written by Nyein Kyaw
အလုပ်သမားရှားပါးလာသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ထွန်ယက်ခြင်းမှ ရိတ်သိမ်းသည်အထိ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနိုင်ရေးနှင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဇွန်လ ၁၄ ရက်တွင် ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲ “စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပြောကြားသည်။
ထို့အတူ လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးစွမ်းအားဖြင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်းနှင့် ပထမအဆင့် ဦးစားပေးအနေဖြင့် အဓိကသီးနှံ ၁၀ မျိုး၏ အထွက်နှုန်းတိုးတက်စေရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများက ကဏ္ဍအလိုက် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။
“အလုပ်သမားရှားပါးလာတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ ထွန်ယက်ခြင်းကနေ ရိတ်သိမ်းတဲ့အထိ လယ်ယာသုံးစက်ကိရိယာတွေ သုံးစွဲနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ဖို့ကိုလည်း အလေးထားဆောင်ရွက်ရန်လိုတယ်” ဟု ဦးမင်းနောင်က ပြောကြားသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရန် မဖြစ်မနေလိုအပ်သဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စိုက်ပျိုးရေးနည်းပညာများ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေးကို အကျိုးရှိထိရောက်စွာအသုံးချပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေသည့်မြေဧက ၅ ဒသမ ၇ သန်းကျော်ရှိသည့်အနက် ဧက လေးသန်းခန့်ကို စပါးစိုက်ပျိုးနိုင်မည်ဆိုပါက ကျပ်ဘီလျံ ၂,၉၀၀ အထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တက်ရေးအစည်းအဝေး၌ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်းခန့် ထွက်ရှိခဲ့ပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရန် စိုက်ပျိုးရန်ကျန်ရှိသည့် မြေများတွင် စိုက်ပျိုးမှုများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။