၁၅. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဟောင်ကောင်ရှိ အလုပ်သမားသစ်ရှာဖွေစုဆောင်းရေး ကုမ္ပဏီကြီးဖြစ်သော Venturenix ၏ လေ့လာချက် တစ်ရပ်အရ ဟောင်ကောင်ရှိလုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာစနစ်ကို အလုပ်သမားများကိုယ်စား အသုံးပြုလာကြမည်ဆိုပါက လာမည့်ငါးနှစ်အတွင်း ဟောင်ကောင်ရှိ အလုပ်သမားအင်အား စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိမည့် အလုပ်သမားအရေအတွက် ၈၀၀,၀၀၀ ခန့်မှာ အလုပ်လက်မဲ့ဖြစ်ကြဖွယ်ရှိကြောင်း သိရသည်။
စာရင်းအင်းသွင်းသောစာရေးများ၊ စီမံဝန်ထမ်းများနှင့် သုံးစွဲသူများနှင့် ထိတွေဆက်ဆံနေရသည့် အရောင်းအဝယ်ဝန်ဆောင်မှုပြုလုပ်ငန်းများမှ အလုပ်သမားများမှာ ၎င်းတို့၏ လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ စနစ်တိုးတက်အသုံးပြုလာသည်နှင့်အမျှ ကွန်ပျူတာမှ လူ့ကိုယ်စား ဆောင်ရွက်မှတ်သားသော စနစ်သို့ လျင်မြန်စွာပြောင်းလဲလာခြင်းဖြင့် ၎င်းတို့၏အလုပ်များမှာလည်း အလုပ်သမားမလိုအပ်တော့သည့် အခြေအနေသို့ လာမည့်နှစ်များအတွင်း ရောက်ရှိလာမည်ဟု ထိုလေ့လာချက်က ဆိုသည်။
ဇွန်လ ၁၄ ရက်က ပုံနှိပ်ထုတ်ဝေခဲ့သော 2023 Hong Kong Salary Guide အရဆိုလျှင် ဉာဏ်ရည်တု နည်းပညာအခြေခံလုပ်ငန်းများတိုးတက်များပြားလာခြင်းက ဟောင်ကောင်ရှိအလုပ်သမားအင်အား စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိမည့် အလုပ်သမားအရေအတွက် ၈၀၀,၀၀၀ ခန့်၏ အလုပ်အကိုင်များအပေါ် သက်ရောက်မှုရှိလာဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
Venturenix ၏ လေ့လာချက်တွင် ဉာဏ်ရည်တုနည်းပညာကိရိယာများအား ဟောင်ကောင်ရှိလုပ်ငန်းကြီး အများအပြားတွင် ထိုးဖောက်ဝင်ရောက်အသုံးပြုလာကြသောကြောင့် သမားရိုးကျအားဖြင့် လစာလုပ်ခ မြင့်မားစွာပေးရလေ့ရှိသော ရှေ့နေများနှင့် ဘာသာပြန်ဆရာများကဲ့သို အလုပ်များတွင်ပင်သက်ရောက်မှုများရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ပန်းချီဆရာများနှင့် အကြောင်းအရာတစ်ခုတွင် ပါဝင်မှုများအား ဖန်တီးရေးသားသည့် Contents Creator ကဲ့သို့အလုပ်များမှာလည်း ဉာဏ်ရည်တုနည်းပညာစနစ်ဖြင့် အစားထိုးခံရဖွယ်ရှိနေသည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်အတွင်းက စတင်ထုတ်လွှင့်မှုပြုခဲ့သော ဉာဏ်ရည်တုနည်းပညာစနစ်သုံးကိရိယာဖြစ်သည့် ChartGPT မှာလည်း လူထုအကြား အထူးရေပန်းစား အသုံးပြုသူများပြားလာသလို ၎င်းနှင့်၎င်း၏ နည်းပညာစွမ်းဆောင်ရည်များကြောင့် အလုပ်အကိုင်အများအပြားတွင် လူသားတို့နေရာကို ၎င်းကဝင်ရောက် နေရာယူကာ အလုပ်လက်မဲ့များ များပြားလာဖွယ်ရှိသည်ကို စိုးရိမ်နေကြသည်။
ယခုအခါ ဟောင်ကောင်ကုမ္ပဏီအများအပြားက ယခင်က အိုင်တီ အတွေ့အကြုံရှိရန် မလိုအပ်သော လုပ်ငန်းနေရာများတွင်ပင် အလုပ်သမားများအား ChatGPT ကို အသုံးပြုလေ့လာကြရန် ပြောကြားလာသည်ကို တွေ့နေရသည်။ ဟောင်ကောင်တွင် လစဉ် အိုင်တီပညာရှင် ၄,၀၀၀ ခန့်က အလုပ်အကိုင်များရှာဖွေနေပြီး ထိုကဏ္ဍတွင် အိုင်တီပညာရှင်များအတွက် အလုပ်နေရာများမှာလည်း လစဉ် ၇,၄၀၀ ခန့်ထိရှိကြောင်း Venturenix ၏ လေ့လာချက်တွင် ဖော်ပြထားခဲ့သည်။ ဟောင်ကောင်တွင် အိုင်တီနည်းပညာအတွေ့အကြုံရှိသူများက သာမန်ဘွဲ့ရဝန်ထမ်းများထက် လစာ ၂၀ ရာခိုင်နှုန်းပို၍ မြင့်မားနေကြောင်းလည်း သိရသည်။
Ref——- Bangkok post