၁၅. ၆. ၂၀၂၃
Written by Hey Mar
ပြောင်းအိတ်များ တင်ဆောင်လာသည့် တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းသေဆုံးခဲ့သည့် ဖြစ်စဥ် ယမန်နေ့ ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း နောင်ချို အခြေစိုက် ပရဟိတအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး၊ နောင်ချို-ရပ်စောက်ကားလမ်းမကြီးပေါ်၌ ကံကြီးမှ မြဝတီမြို့ဘက်သို့သွားမည့် ပြောင်းအိတ်များတင်ဆောင်လာသည့် ၂၂ ဘီးယာဥ် ကုန်တင်ယာဥ်တွဲကားတစ်စီးသည် ရှေ့တူရှု တစ်ဖက်ယာဥ်လမ်းကြောမှလာသည့် ထော်လာဂျီယာဥ်အား တိမ်းရှောင်ရာမှတစ်ဆင့် လမ်းဘေးထိုးကျကာ အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းအမျိုးသားမှာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ယာဥ်မောင်းက နောက်စေ့ အပြင်းအထန်ဒဏ်ရာနဲ့ ဆုံးတာပါ။ ပြီးတော့ ကားစတီယာရင်နဲ့ ညပ်နေလို့ ကရိန်းခေါ်ပြီး ဆွဲထုတ်လိုက်ရတယ်။ သူ့ဘေးက ထိုင်လိုက်တဲ့ ယာဥ်မောင်းကတော့ ဘာမှ မဖြစ်သွားဘူး။ ပွန်းပဲ့ရုံလောက်ပါပဲ။ ဆုံးသွားတဲ့ ယာဥ်မောင်းက အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်”ဟု မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။
သေဆုံးသွားသော ယာဥ်မောင်း၏ ရုပ်အလောင်းအား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။