MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်း ကံဘဲ့တာဝါရှေ့ရှိ နေအိမ် ခေါင်မိုးပေါ်တွင် အမျိူးသားတစ်ဦး ခေါင်မိုး အပေါက်ဖာနေရင်း ဓာတ်လိုက်သေဆုံးမှုဖြစ်စဥ် ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာ ပရဟိတ အသင်းမှ သိရသည်။
ထိုဖြစ်စဥ်တွင် ပင်မ ဓာတ်အားလိုင်းကြိုးမှ စက်ကွင်းမိကာ ဓာတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါနေရာ၌ ဓာတ်ကြိုးပြတ်ခြင်း၊ ခေါင်မိုးအား ကြိုးထိနေခြင်းမျိုး မရှိကြောင်းလည်း သွားရောက်ကူညီဆောင်ရွက်သူ မိုးစေတနာအသင်းမှ တာဝန်ရှိသူက ရှင်းပြသည်။
“EPC က ပြောပြချက်အရဆိုရင် တစ်ပေအတွင်းဆို ပင်မ ဓာတ်အားလိုင်းကြိုးက လျှပ်စစ်စက်ကွင်း ရှိနေတဲ့သဘောပေါ့။ ကျွန်တော်တို့အသင်းအနေနဲ့ ဓာတ်လိုက်တဲ့ လူရဲ့ Body ကို ၂ ထပ်အိမ်အမြင့်ကနေ အောက်ကို ချဖို့ မလွယ်လို့ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားပြီး အကူအညီခေါ်ယူလုပ်ဆောင်ခဲ့ရပါတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
သေဆုံးသူအား မိုးစေတနာ ပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ သူနာတင်ယာဥ် ၂ စီးဖြင့် အဆိုပါ အမျိုးသားအား ခေါင်မိုးပေါ်မှ မြေပြင်သို့ ကူညီကယ်ဆယ် ဆောင်ရွက်၍ စံပြဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။