၁၄. ၆. ၂၀၂၃
Written by Thettant
ရေးမြို့က ရွှေလဝန်းရွှေဆိုင် ဓားပြတိုက်ခံရ မွန်ပြည်နယ် ရေးမြို့က ရွှေလဝန်း ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ရာထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကတော့ ရွှေလဝန်းရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံဟာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ နံပါတ်ပြားမပါတဲ့ကားတစ်စီးပေါ်က သေနတ်ကိုင်ထားသူတွေဟာ ရွှေဆိုင်ဖွင့်ဖို့ပြင်ဆင်နေတဲ့ရွှေလဝန်းဆိုင်ပိုင်ရှင်တွေဆီက ရွှေပုံးတစ်ပုံးလုယက်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေဖမ်းမိဖို့ သက်ဆိုင်ရာကကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်၊ ကံဇီးကျေးရွာက USDP ပါတီဝင်တွေအပါအဝင် ကျေးရွာသူ၊ ရွာသား ၁၂ ဦးကို PDF က ဖမ်းဆီးပြီး နေအိမ်များ မီးရှို့
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံဇီးကျေးရွာမှာနေတဲ့ USDP ပါတီဝင်တွေအပါအဝင် ကျေးရွာသူ၊ ရွာသား ၁၂ ဦးကို PDF တွေက မနေ့က မနက် ၉ နာရီအချိန်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီရွာသူ၊ ရွာသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
ကံဇီးကျေးရွာဟာ PDF တွေက ပျုရွာလို့သတ်မှတ်ထားပြီး မကြာခဏလာရောက်တိုက်ခိုက်မှုခံနေရတာပါ။ ဒီဖြစ်စဥ်မှာ ဦးမြင့်မောင်၊ ဦးဖိုးသဲ၊ ဒေါ်ဆိတ်ပို၊ မောင်ဖိုးဆင်(၂နှစ်)၊ မဖြိုးဖြိုး(၁၈ နှစ်၊ မအေးမော်(၁၆ နှစ်)၊ မောင်နိူင်၊ မသဲစုလှိုင်(၁၈ နှစ်) တို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး အိမ်တွေကို မီးရှို့သွားကြပါတယ်။ ဒါ့အပြင် ဦးလှငွေ၊ ဒေါ်ချို၊ဒေါ်သီနွယ်၊ မောင်အောင်မျိုးခန့်(၁၄ နှစ်) တို့ကိုလည်း ဖမ်းဆီးသွားပါတယ်။
ဒီလိုမျိုး နေအိမ်တွေ မီးရှိုတာကြောင့် ရွာအပြင်ဘက်မှာ မီးလောင်နေတာ သိရလို့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းဖို့ထွက်လာချိန် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိုင်းနင်းမိကျဆုံးခဲ့သလို အရပ်သား ဦးနန်းဝင်းဆန်း မိုင်းစ ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အဖမ်းခံရသူတွေ ဖမ်းဆီးသ-တ်ဖြတ် မု ဒိမ်းကျင့်ခံရမှာကို စိုးရိမ်နေကြရပါတယ်။
အာဆီယံလူမှုဝန်ထမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုကို ရှင်သန်ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ရရှိ
၂၀၂၃ ခုနှစ်အတွက် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံလူမှုဝန်ထမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးကပေးအပ်တဲ့ အာဆီယံလူမှုဝန်ထမ်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုကို ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ကယ်ထုတ်ခဲ့ရတဲ့ လူကုန်ကူးခံ မြန်မာနိုင်ငံသား ၄၂ ဦးထဲက ကျန်ရှိတဲ့ ၆ ဦးကို တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City) အနီးရှိ အွန်လိုင်းဂိမ်း ကုမ္ပဏီကြီးတစ်ခုမှာ အတင်းအကျပ် စေခိုင်းခံနေရတဲ့ နိုင်ငံခြားသားတွေရှိတယ်လို့ သတင်းရတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က မေလ ၄ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ချိန် မြန်မာနိုင်ငံသား ၄၂ ဦး အပါအဝင် နိုင်ငံခြားသား ၁၁၃၇ ဦး ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒီအထဲက မြန်မာနိုင်ငံသား ၂၀ ကို မေလ ၂၇ ရက်မှာ ပထမအသုတ်အဖြစ် ပြန်ပို့ခဲ့ပြီး ဇွန် ၂ ရက်မှာ ၁၅ ဦး ပြန်ပို့ခဲ့သလို ကျန်ရှိတဲ့ ၇ ဦးထဲက ၆ ဦးကို ဒီနေ့ပြန်ပို့ခဲ့ပါတယ်။ ကျန်တဲ့တစ်ဦးကတော့ တရားရုံးသက်သေအဖြစ် ဆောင်ရွက်ပေးနေရတာကြောင့် အမှုပြီးပြတ်မှ မြန်မာနိုင်ငံကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။
ဖာပွန်မြို့နယ် သစ်တောဦးစီးဌာနရုံးကို KNU/KNLA၊ PDF ပူးပေါင်းအဖွဲ့က ဗုံးခွဲတိုက်ခိုက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် သစ်တောဦးစီးဌာနရုံးကို မနေ့က ဇွန်လ ၁၃ ရက် ည သန်းခေါင်အချိန်မှာ KNU/KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ရုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အမဲသားလှည့်လည်ရောင်းချတဲ့ စျေးသည်အမျိုးသမီး ၄ နှစ်အရွယ် သမီးငယ်ရှေ့တွင် လက်နက်ကိုင်များ သ-တ်ဖြတ်မှု ခံရ
ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာရဲ့ ရွာလယ်လမ်းမပေါ်မှာ အမဲသားရောင်းတဲ့ မြင်းနီကျေးရွာနေ မခင်ယုယုနွယ်(ခ)ရှမ်းမ (၂၉ နှစ်) ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက သေနတ်နဲ့ ပစ်ခတ်သ-တ်ဖြတ်ခဲ့ပါတယ်။ ပစ်ခတ်သ-တ်ဖြတ်ခံရသူ မခင်ယုယုနွယ်ဟာ ၄ နှစ်အရွယ် သမီးငယ် မသဲဖြူစင်အောင်နဲ့ အမဲသားလှည့်လည်ရောင်းချချိန် သ-တ်ဖြတ်ခံရတာဖြစ်ပြီး သာမန်ပြည်သူစျေးသည်တစ်ဦးကို ဘာကြောင့် သ-တ်ဖြတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။