၁၅. ၆. ၂၀၂၃
Written by Pan Ei
အမေရိကန်က ဂီတမူပိုင်ခွင့်ပိုင်ဆိုင်တဲ့ကုမ္ပဏီ ၁၇ ခု ပါဝင်တဲ့ “အမျိုးသားတေးဂီတထုတ်ဝေသူများအစည်းအရုံး” (NMPA) ဟာ သူတို့ရဲ့ တေးဂီတနဲ့ သီချင်းတွေကို ပလက်ဖောင်းပေါ်မှာ ခွင့်ပြုချက်မရဘဲ အသုံးပြုခွင့်ပေးနေတဲ့ မူပိုင်ခွင့်ချိုးဖောက်မှုတွေအတွက် တွစ်တာကို တရားစွဲဆိုခဲ့ပြီး အဆိုပါ အဖွဲ့က သူတို့ရဲ့ နစ်နာမှုတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ တောင်းဆိုခဲ့ပါတယ်။
Sony Music Publishing၊ BMG Rights Management နဲ့ Universal Music Publishing Group စတဲ့ ကုမ္ပဏီတွေ ပါဝင်တဲ့ NMPA ဟာ နက်ရှ်ဗီးလ်မြို့က ပြည်ထောင်စုခရိုင် တရားရုံးမှာ တင်သွင်းခဲ့တဲ့ တရားစွဲဆိုမှုမှာ တွစ်တာဟာ “အကျိုးအမြတ်အတွက် ချိုးဖောက်မှုတွေကို အားပေး ခွင့်ပြုခဲ့တယ်”လို့ ပါရှိပါတယ်။
NMPA ဟာ Elon Musk တွစ်တာကုမ္ပဏီကို ဝယ်ယူပြီးကတည်းက အခြေအနေ မတိုးတက်သေးဘူးလို့ ဆိုခဲ့သလို မူပိုင်ခွင့်ချိုးဖောက်ခံထားရတာကလည်း သီချင်းပေါင်း ၁၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
တွစ်တာဟာ ပေးဆောင်ဖို့လိုအပ်တဲ့ သီချင်းတွေအတွက် လိုင်စင်အခကြေးငွေကို ပေးဆောင်ခြင်းမရှိဘဲ လိုင်စင်မဲ့ဂီတကရရှိတဲ့ ကြီးမားတဲ့အကျိုးအမြတ်တွေကိုတော့ ဆက်လက်ရယူနေတယ်လို့ စွပ်စွဲပြီး NMPA က တရားစွဲဆိုခဲ့တာပါ။
ပြိုင်ဘက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ YouTube၊ Facebook၊ Snapchat နဲ့ TikTok တို့က ဂီတမူပိုင်ခွင့်အတွက် တစ်နှစ်ကို ဒေါ်လာဘီလျံပေါင်းများစွာ စုပေါင်းပေးဆောင်တဲ့ သဘောတူညီချက်တွေရှိတာကြောင့် မပေးတဲ့ တွစ်တာကတော့ တရားမျှတမှုမရှိဘူးလို့ NMPA က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “တွစ်တာဟာ သီချင်းသန်းပေါင်းများစွာအတွက် လိုင်စင်ထုတ်ပေးဖို့ လုံးဝငြင်းဆိုထားတဲ့ အကြီးဆုံးဆိုရှယ်မီဒီယာပလက်ဖောင်းအဖြစ် ရပ်တည်နေပါတယ်” လို့ NMPA ဥက္ကဋ္ဌ David Israelite က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အခုလအစောပိုင်းက မီဒီယာကုမ္ပဏီကြီး NBCUniversal ရဲ့ အကြီးအကဲဟောင်း Linda Yaccarino က ပြဿနာပေါင်းစုံ တက်နေတဲ့ တွစ်တာ လူမှုမီဒီယာကုမ္ပဏီရဲ့ CEO အသစ်ဖြစ်လာခဲ့ပြီး လုပ်ငန်းလည်ပတ်မှုတွေကို ကြီးကြပ်နေတာ ဖြစ်ပါတယ်။
Twitter ကို ဝယ်ယူပြီးကတည်းက Elon Musk ဟာ အလွဲသုံးစားလုပ်မှုနဲ့ သံသယရှိတဲ့ အဖွဲ့ဝင်တွေအပါအဝင် ဝန်ထမ်းအင်အား ၇၅ ရာခိုင်နှုန်းကို လျှော့ချခဲ့ပါတယ်။
Ref; Bloomberg Law