၁၄. ၆. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် လမ်းဘေးရေမြောင်းများတူးဖော်နေသည့် စည်ပင် ယာယီအလုပ်သမားတဲအနီးရှိ သစ်ပင်ကို ကွန်တိန်နာကားတစ်စီးမှ ဝင်တိုက်ခဲ့သဖြင့် သစ်ပင်လဲကျပိမိကာ အလုပ်သမားနှစ်ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဥ် ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၈နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သည့် မြတ်ကုသိုလ် ပရဟိတအသင်းမှ တာဝန်ရှိသူက “မိုးက တအားရွာထားတော့ ကွန်တိန်နာက စလစ်ဖြစ်ပြီး လမ်းဘေးကို ဆွဲချလိုက်တော့ အဲ့ဒီ့ အလုပ်သမားတဲအနီးက သစ်ပင် ဝင်တိုက်မိတာ။ ဘုရင့်နောင်လမ်းမပေါ်က ရွှေသံလွင်ဘုရားနားမှာ ဖြစ်တာပါ၊ သစ်ပင်လဲတဲ့အတွက် တဲထဲက လူနှစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်”ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။