၁၅. ၆. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ ကာလကတ္တားလေဆိပ်မှာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယလေဆိပ်အာဏာပိုင်အဖွဲ့ (AAI) က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီလို့ တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
ကာလကတ္တားမြို့က Netaji Subhas Chandra Bose အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Check-in ဧရိယာမှာ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၁၂ မိနစ်လောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တွေ အထိတ်တလန့်ဖြစ်ခဲ့ရသလို နားနေခန်းမှာ မီးခိုးတွေ ပြည့်နှက်နေခဲ့တာကြောင့် ခရီးသွားတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ဆိုပါတယ်။
မီးလောင်မှုကို နာရီဝက်အတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မတော်တဆမှုမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိခဲ့သလို လေယာဉ်ဆိုက်ရောက်ချိန်တွေလည်း မနှောင့်နှေးခဲ့တဲ့အပြင် ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလည်း လျင်မြန်စွာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ Sujit Bose က မီးလောင်မှုဟာ လေအေးပေးစက်နဲ့ ဆက်စပ်ပစ္စည်း ချို့ယွင်းမှုတချို့ကြောင့် မီးလောင်တာလို့ အစောပိုင်းမှာ ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြီးမှ မီးလောင်ရတဲ့ အကြောင်းရင်းအတိအကျကို သိရှိနိုင်မှာလို့ သူက ပြောပါတယ်။
ကာလကတ္တားမြို့က Netaji Subhas Chandra Bose အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းရဲ့ လေကြောင်းသွားလာမှုအတွက် အချက်အချာကျတဲ့လေဆိပ်ကြီးတစ်ခုဖြစ်ပြီး ဒီလေဆိပ်မီးလောင်မှုဟာ ကြီးမားတဲ့မီးတောက်ကြီးနဲ့ လောင်ကျွမ်းနေတာကိုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။
Ref; abc news