၁၅. ၆. ၂၀၂၃
Written by Peya
ရခိုင်၊ ကချင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ ဖြစ်နိုင်လို့ သတိထားကြဖို့ လိုအပ်တဲ့ အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီးတော့ အဲ့ဒီမိုးတိမ်တောင်တွေ ရွေ့လျားတဲ့ လမ်းကြောင်း တစ်လျှောက်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာအပြင် မိုးသီးကြွေတာလည်း ဖြစ်နိုင်လို့ အဲ့ဒီ မိုးလေဝသ ဖြစ်စဉ်တွေကို သတိထားဖို့ လိုနေတာ ဖြစ်ပါတယ်။
ဒီနေ့ ညနေအထိကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တဲ့ အခြေအနေ ရှိနေတာပါ။
ဒီအထဲမှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာမယ့် အခြေအနေက ရာနှုန်းပြည့် ဖြစ်ပါတယ်။