၁၅. ၆ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်ထိပ်မှတ်တိုင်အနီးတွင် ကားနှစ်စီးတိုက်မိ၍ လူတစ်ဦးညပ်ကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့် ဖြစ်စဥ် ယမန်နေ့ ဇွန်လ ၁၄ရက် ည ၈နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သာကေတလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်ကြောင့် အသက် ၂၅ နှစ်ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ခြေချောင်းပြတ်ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၀ ခန့် အမျိုးသားတစ်ဦးမှာ ကားအတွင်းညပ်နေသဖြင့် သာကေတမြို့နယ်မီးသတ်တပ်ဖွဲ့၊ မိတ်ဖက်ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ပြင်ပသို့ကူညီ သယ်ထုတ်၍ မြေပြင်ကုသမှုပေးခဲ့ရကြောင်း သိရသည်။
“ဖြစ်တာ Light Truck နဲ့ Super Custom ယာဥ်နှစ်စီးတိုက်တာပါ။ ရွှေပုစွန်ဘက်က လာတဲ့ Light Truck က စလစ်ဖြစ်ပြီး တစ်ဖက်လမ်းကြောက ဓာတ်တိုင်ကို ဝင်တိုက်ပြီး လည်ထွက်သွားတယ်။ ဧရာဝဏ်လမ်းအတိုင်းမောင်းလာတဲ့ Super Custom ကလည်း အရှိန်မထိန်းနိုင်တော့ဘဲ Light Truck ရဲ့ နောက်ပိုင်းကို ဝင်တိုက်မိတယ်။ အဲ့ဒီမှာ Light Truckပေါ်က ယာဥ်မောင်းက ခြေခလယ်ပြတ်သွားတယ်။ Super Custom ပေါ်က ယာဥ်မောင်းက ညပ်နေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အကူအညီနဲ့ အပြင်ရောက်အောင် သယ်ထုတ်ပေးခဲ့ရတယ်။ သူ့ဒဏ်ရာက စိုးရိမ်ရတယ်”ဟု MT News ၏ မေမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဒဏ်ရာရရှိသူများကို ပေးဆပ်သူလူမှုကူညီရေးအသင်း(မိတ်ဖက်)၊ အောင်မင်္ဂလာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။