၁၅. ၆. ၂၀၂၃
Written by Peya
Adidas ဖိနပ်များ ချုပ်လုပ်သည့် ဖိနပ်ချုပ်စက်ရုံဖြစ်သော မြန်မာပေါင်ချိန်စက်ရုံက ဝန်ထမ်းများကို ယာယီ လစာ တိုးမြှင့်ပေးထားသောကြောင့် တစ်နေ့ လုပ်ခ ကျပ် ၅၂၀၀ ကျော် ဖြစ်လာကြောင်း အဆိုပါစက်ရုံ၏ ဝန်ထမ်းများထံက သိရသည်။
လစာတိုးသည့် အကြောင်းကို အဆိုပါစက်ရုံ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အသိပေးထားခြင်းဖြစ်ကာ ယခုကာလတွင် စက်ရုံအနေဖြင့် ဘက်ပေါင်းစုံမှ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြိုးစားရုန်းကန်နေရသော်လည်း ယခုအချိန်ထိ အတူတကွ ဝန်းရံပေးကြသည့် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ခက်ခဲနေသောကာလတွင် ဝန်ထမ်းများ၏ နေ့စဉ်အခက်အခဲများကို ထည့်သွင်းစဉ်းစားကာ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးရန်အတွက် စက်ရုံမှ ဆုံးဖြတ်ခဲ့ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
အစိုးရက လစာမူဝါဒနှင့် ပတ်သက်၍ တိုးမြှင့်သတ်မှတ် ကြေညာချက်မရှိသေးသော်လည်း ဝန်ထမ်းများ၏ နေ့စဉ် အခက်အခဲများကို ထည့်သွင်းစဉ်းစားကာ လစာ တစ်စိတ်တစ်ပိုင်းကို ဦးစွာတိုးမြှင့်ရန် စက်ရုံက စဉ်းစား ဆုံးဖြတ်ခဲ့ကြောင်း လစာတိုးသည့်စာတွင် ဖော်ပြထားသည်။
လစာတိုးရာတွင် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို ယာယီ အဖြစ် ၄၃၃ ကျပ် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည့်အတွက် တစ်နေ့လုပ်ခမှာ ၅၂၃၃ ကျပ် ဖြစ်သွားကာ ယခင် ဝန်ထမ်းများနှင့် သဘောတူညီထားသည့်အတိုင်း ခက်ခဲကာလ ထောက်ပံ့ကြေး ၁၁၀၀၀ ကျပ်ကိုလည်း ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။