၁၅. ၆. ၂၀၂၃
Written by Nay Aung
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများရှိခဲ့သော်လည်း အိန္ဒိယအစိုးရက လုပ်ကိုင်လျက်ရှိနေသော ကုလားတန်စီမံကိန်း(KMTTP)ကို သက်ရောက်မှုများရှိမည် မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဦးအောင်နိုင်ဦးကထုတ်ဖော်ပြောဆိုခဲ့သည်ဟု အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
ဝန်ကြီးဦးအောင်နိုင်ဦးသည် ပြီးခဲ့သောရက်ပိုင်းက အိန္ဒိယနိုင်ငံကိုရောက်ရှိချိန်အတွင်း သတင်း ထောက်များနှင့်တွေ့ဆုံရာချိန် ကုလားတန်စီမံကိန်းနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုလားတန်စီမံကိန်းအစိတ်အပိုင်းအဖြစ်ပါဝင်နေသော မြန်မာနိုင်ငံ ပလက်ဝမြို့နှင့် မဏိပူရပူပြည်နယ် Zorinpui မြို့တို့ကို ချိတ်ဆက်မည့်လမ်း ဖောက်လုပ်မှုသည် အရှိန်အဟုန်ဖြင့် စတင်လုပ်ဆောင်နေကြောင်း ပြောသည်။ ပလက်ဝမြို့နှင့် Zorinpui မြို့တို့ကို ဆက်သွယ်နိုင်ရန် ဖောက်လုပ်မည့် လမ်းအရှည်သည် ၁၁၀ ကီလိုမီတာအရှည်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းတွင် လမ်းဖောက်လုပ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ မတည်ငြိမ်မှုများက ရခိုင်ပြည်နယ်၏ အခြားတစ်ဖက်ခြမ်းတွင်ဖြစ်ကြောင်းဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
၎င်းက ” လမ်းဖောက်လုပ်မှုတွေဟာ မကြာမီအပြီးသတ်လုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ထားတယ်” ဟု EEPC India ဆွေးနွေးပွဲနားချိန်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုများကို အရှိန်အဟုန်ဖြင့် မကြာမီစတင်နိုင်မည်ဖြစ်ကြောင်း၊ စစ်တွေဆိပ်ကမ်းကိုအသုံပြုပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကုလားတန်စီမံကိန်းအစိတ်အပိုင်းအဖြစ်အဖြစ် ပါဝင်ခဲ့ပြီး အိန္ဒိယအစိုးရက ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကုလားတန်ဘက်စုံစီမံကိန်း ပြီးဆုံးချိန်တွင် စစ်တွေဆိပ်ကမ်းကို ဖြတ်သန်းပြီး အိန္ဒိယ အရှေ့ပိုင်းရှိ ပြည်နယ်များ၊ မြန်မာနိုင်ငံရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ရှိ မြို့များ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သော R K Ranjan Singh က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေများကြောင့် ကုလားတန်စီမံကိန်းနှောင့်နေးမှုများ ရှိလာနိုင်ဖွယ်ရှိနေကြောင်း ပြီးခဲ့သောမတ်လကထုတ်ဖော်ပြောဆိုခဲ့သည်။ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်း၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းအပြင် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်းဖောက်လုပ်ခြင်းစသော အစီအစဉ်များပါဝင်နေပြီး စီမံကိန်းတစ်ခုလုံး စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါးဖြစ်ကြောင်း သိရသည်။
Ref— Telegraphindia