၁၄. ၆. ၂၀၂၃
Written by Peya
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရနှင့် သက်ဆိုင်သော နေရာ ၂ ခုတွင် မေလ ၁၃ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများ၏ ပြန်လည်ပြောကြားချက်အရ သိရသည်။
အဆိုပါ ပေါက်ကွဲမှုမှာ ဇွန်လ ၁၃ ရက် ညပိုင်း ၉ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ပေါက်ကွဲမှု ဖြစ်တာက မှန်တယ်လို့ သိရပါတယ်။ အသံ ကျယ်တယ်။ နှစ်လုံးတောင် ဆင့်ပြီးတော့ ပေါက်တာဗျ။ ဒါတော့ သိရတယ်” ဟု ဟားခါးမြို့တွင် နေထိုင်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ပေါက်ကွဲမှုမှာ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးနှင့် လွှတ်တော်ရုံးအနီးရှိ ဝန်ထမ်းအိမ်ယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ထိုသို့ ပေါက်ကွဲရာတွင် မြို့နယ် စုပေါင်းရုံးတွင် ပြတင်းပေါက်နှင့် တံခါး ပျက်စီးမှုရှိခဲ့ပြီး ဝန်ထမ်းအိမ်ယာတွင်မူ အဆောက်အအုံ ထိခိုက်မှု မရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပျက်စီးမှုတန်ဖိုးနှင့် ဆက်လက်ဆောင်ရွက်ထားသည့် အခြေအနေကို သိလိုသည့်အတွက် ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။