October 30, 2024

သာဇင်ကျေးရွာသူကျေးရွာသားခုနစ်ဦးကို သတင်းပေးဟုခေါ်ဆိုသတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာမြေပုံညွှန်း

MT News

Written by Min Mahar

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာမှ ရွာသူရွာသားခုနစ်ဦးအား သတင်းပေးဟု စွပ်စွဲကာ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်မှု အောက်တိုဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ သာဇင်ကျေးရွာမှ ရွာသူရွာသား ၇ ဦးသည် ၎င်းတို့၏ နေအိမ် အသီးသီးတွင်ရှိနေစဉ် PDF အဖွဲ့မှ အင်အား ၂၀ ဦးခန့်က နေအိမ်များသို့ ရောက်ရှိလာပြီး အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၃ ဦးတို့အား ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းတို့ ၇ ဦးကို သာဇင်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ တောင်တောအုပ်(ဒေသအခေါ်)ထဲ၌ သေဆုံးနေသည့်အလောင်းများအား အောက်တိုဘာ၂၀ ရက် မနက် ၇ နာရီခန့်တွင် ရွာသားများကတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“မနေ့ညက ဖမ်းသွားပြီး မနက်ကျမှ အလောင်းတွေကို တောထဲကပြန်တွေ့တာ။ သူတို့ကို တပ်သတင်းပေးဆိုပြီး ဖမ်းသွားကြတာ။ ဖမ်းပြီးသတ်ခံရတဲ့ ၇ ဦးက အမျိုးတွေချည်းပဲ။ PDF အဖွဲ့က အယောက် ၂၀ လောက်ပါမယ်။ အများကြီးပဲ”ဟု သာဇင်ကျေးရွာဘက်မှ ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့၏ အလောင်းများအား ကျေးရွာသူ/သားများမှ ကျေးရွာ ဓလေ့ထုံးစံအရ မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လာရောက်စစ်ဆေးခြင်းများ မပြုလုပ်ကြသေးကြောင်း သိရသည်။

စစ်ကိုင်း မြို့နယ် အတွင်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်ထိ PDF များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူ ၅ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ၊ အုပ်ချုပ်ရေးမှူး ၂ ဦး(သေဆုံး)၊ ၄ ဦး (ဒဏ်ရာရ)၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦး (သေဆုံး)၊ ၃ ဦး (ဒဏ်ရာရ)၊ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး(သေဆုံး)၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး (ဒဏ်ရာရ)၊ သတင်းပေး( ဒလန်)ဟု စွပ်စွဲ၍ သတ်ဖြတ်ခံသည့်အရပ်သားယခုအပါအဝင် ၄၈ ဦး (သေဆုံး)၊ ဒဏ်ရာ ရရှိသူ ၁၅ ဦး၊ စုစုပေါင်း ၅၈ ဦး (သေဆုံး)၍ ၃၁ ဦး ဒဏ်ရာ ရရှိပြီးဖြစ်ကြောင်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *