၁၄. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖူးမြို့ရှိ ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ သေနတ်ပစ်လေ့ကျင့်ကွင်း တစ်ခုတွင် သင်တန်းသားတပ်ဖွဲ့ဝင်တစ်ဦးက ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အခြား တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ အခြားတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့မှု ယနေ့ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အခြားသတင်းရင်းမြစ်များက ဆိုသည်။
ပစ်ခတ်ခဲ့သော ထို ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အသက် ၁၈ နှစ်အရွယ် မြေပြင်လေ့ကျင့်ရေးသင်တန်းသားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီခန့်က အဆိုပါဖြစ်ရပ်အပြီးတွင် သေနတ်ပစ်လေ့ကျင့်ကွင်း၌ပင် ဖမ်းဆီးခဲ့ပြီး အဆိုပါသင်တန်းသားကလည်း ပစ်ခတ်မှုအတွက် ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ကျည်ထိမှန်သေဆုံးသည့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက် ၂၅ နှစ်နှင့် ၅၂ နှစ်အသီးသီးရှိကြပြီး တတိယတစ်ဦးမှာ အသက် ၂၅ နှစ်ရှိကာ ဒဏ်ရာများပြင်းထန်၍ ဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့ရကြောင်း ဒေသ မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
သေနတ်ပစ်လေ့ကျင့်ရေးကွင်းက JR ဂီဖူး ရထားဘူတာရုံ၏ အရှေ့မြောက်ဘက် ငါးကီလိုမီတာအဝေးတွင်ရှိကာ ဖြစ်ရပ်၌ အခြားသောအရပ်သားများ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။
သေနတ်ပစ်လေ့ကျင့်ရေးကွင်းအနီးနေထိုင်သူ အသက် ၇၃ နှစ်ရှိ ရှိဂျီ ဆူဆာကီက “မနက်က ကိုးနာရီခွဲလောက်မှာပဲ လူနာတင်ကားတွေ၊ မီးသတ်ကားတွေ မောင်းဝင်လာကြတာတွေ့ရတယ်။ နောက် ရဲကားတွေပါ ရောက်လာတာ တွေ့ရတော့ တစ်ခုခုတော့ ဆိုးဆိုးဝါးဝါးဖြစ်ပြီလို့ ထင်လိုက်မိတာ” ဟု ပြောခဲ့သည်။
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် အချိန်ပိုင်းအားဖြင့် အလုပ်လုပ်ကိုင်သူ အသက် ၇၈ နှစ်ရှိ ဂီဖူးမြို့နေ အဖိုးအိုတစ်ဦးကလည်း “ဒီသင်တန်းသားက အခုလိုဘာလို့လုပ်ရလဲ ကျွန်တော်တော့နားမလည်မိဘူး” ဟု ပြောကြားသွားခဲ့သည်။
Ref——- Kyodo News