၁၄. ၆. ၂၀၂၃
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများအား ပဲခူးမြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားများမှာ အခြေခံဧည့်ကြိုသင်တန်း၊ အခြေခံအစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းနှင့် အခြေခံအိပ်ဆောင်ထိန်းသိမ်းရေး သင်တန်းများဖြစ်ပြီး နာရီ ၆၀ စာသင်ရိုးညွှန်းတမ်းဖြင့် လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်ဖြိုးက “ဟိုတယ်နဲ့ ပတ်သတ်တဲ့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေမှာ လုပ်ငန်းအရည်အသွေးပြည့်ဝအောင်၊ ကျွမ်းကျင်ဝန်ထမ်းတွေ မွေးထုတ်နိုင်အောင်နဲ့ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိအောင်လို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာပါ”ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားဦးရေကို အယောက် ၄၀ ကန့်သတ်ထားကြောင်း သိရသည်။ သင်တန်းပြီးဆုံးပါက အရည်အချင်းပြည့်မီသည့် သင်တန်းသားများကို သင်တန်းအောင်လက်မှတ်ပေးအပ်မည်ဖြစ်ပြီး လျှောက်ထားသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟု သိရသည်။
သင်တန်းကို ၁၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်မှ ၁၄ ရက်နေ့အထိဟု သိရသည်။ လျှောက်ထားလိုပါက မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်းမိတ္တူ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် ၊ ရဲစခန်းထောက်ခံစာနှင့်(၁ ဒသမ ၅)လက်မ ပတ်လည် လိုင်စင်ဓာတ်ပုံ ၃ ပုံဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တိုင်းတာဝန်ခံရုံး အမှတ် (၁၂၆၊ ၁၂၇ )၊ (၃)လမ်းနှင့်(၄)လမ်းကြား၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ပဲခူးမြို့တွင် လျှောက်ထားနိုင်ကြောင်းသိရသည်။