၁၃. ၆. ၂၀၂၃
Written by Ye Kyaw
ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)အား စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုပေးခဲ့သည့်အတွက် စာရင်းဝင်ကုမ္ပဏီစုစုပေါင်း ရှစ်ခုအထိ ရှိလာပြီဖြစ်ကြောင်း ဇွန်လ ၁၂ ရက်တွင် ရန်ကုန်စတော့အိပ်ချိန်းမှ ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်စတော့အိပ်ချိန်းသည် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) မှ တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်း လုပ်ဆောင်ပြီးနောက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ၊ အခန်း ၄၁ (ဂ) နှင့် ငွေချေးသက်သေခံလက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်းများ၊ အပိုင်း (၇) နှင့် (၈) တို့နှင့်အညီ ကုမ္ပဏီအား စာရင်းဝင်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
MAEX ကုမ္ပဏီ၏ စာရင်းဝင်မည့်နေ့ရက် (Listing Date) အား ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး အခြေခံစျေးနှုန်း (Base Price) အား စာရင်းဝင်သည့်နေ့ရက် (Listing Date) မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင် ရန်ကုန်စတော့အိတ်ချိန်း Website ၌ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment Public Company Limited (FMI)၊ Myanmar Thilawa SEZ Holdings Public Company Limited (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ်လီမိတတက် (FPB)၊ TMH Telecom Public Company Limited (TMH)၊ Ever Flow River Group Public Company Limited (EFR)၊ Amata Holding Public Company Limited (AMATA) စသည့် စာရင်းဝင်ကုမ္ပဏီ ခုနစ်ခုက အရောင်းအဝယ်ပြုလုပ်နေပြီး မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)သည် ရှစ်ခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှစ်ခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် MAEX ကုမ္ပဏီအနေဖြင့် ရှယ်ယာတစ်စုကို ၁,၅၀၀ ကျပ် သတ်မှတ်ထားကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်အဖြစ် လျှောက်ထားခဲ့စဥ်က ထုတ်ပြန်ထားသည်။
“လောလောဆယ်မှာတော့ ရန်ကုန်စတော့အိတ်ချိန်းကို ချိတ်မှာဖြစ်တဲ့အတွက် ရှယ်ယာရှင် တစ်ယောက်ချင်းဆီကို ကြေညာတာပေါ့။ အဲဒီအစည်းအဝေးကလည်း မတ်လ ၃ ရက်မှာလုပ်မှာ။ အဲဒီမှာဆက်သွယ်ပြီး နားထောင်လို့ရတယ်။ ရှယ်ယာဈေးကတော့ လောလောဆယ်မှာ ၁,၅၀၀ ကျပ်နဲ့ Right Issueတွေ လုပ်ပေးနေတယ်။ ရှယ်ယာရှင်တွေကိုလည်း SMS တွေပေးပို့နေပါတယ်” ဟု မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောထားသည်။
MAEX ကုမ္ပဏီလီမိတက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဥ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ် လီမိတတ်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါ စည်းကမ်းချက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန်လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ် လီမိတတ်သည် မူလကမကထပြု တည်ထောင်သူအဖြစ် ၄၅ ရာခိုင်နှုန်း ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
MAEX ကုမ္ပဏီလီမိတက်အား ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် စာရင်းမဝင်သော အများပိုင်ကုမ္ပဏီအဖြစ် အများပြည်သူသို့ အစုရှယ်ယာများ ထုတ်ဝေရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)မှ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးကို ရင်းနှီးဆောက်လုပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။