၁၃. ၆. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေး ၁ သန်းကျော်အား အကူအညီပေးရန်အတွက် အရေးတကြီးဆောင်ရွက်ရန်လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)က ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့်ပတ်သက်ပြီး တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်နှင့် ၁၇ နှစ်ကြားရှိ ကလေး ၁ သန်းကျော်သည် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ ၎င်းတို့အနက် ထက်ဝက်ကျော်ခန့်သည် ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို တိုက်ရိုက် ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်နေရကြောင်း ILO က ဖော်ပြထားသည်။
ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများသည်ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများ ဖြစ်ပြီး၊ သင့်တော်ကောင်းမွန်သည့်အလုပ်အကိုင်နှင့်လူမှု တရားမျှတမှုကသာ ကလေး အလုပ်သမားဖြစ်ရသည့် အကြောင်းတရားများကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သလို ကလေးများကို အလုပ်လုပ်ကိုင်ရခြင်းမှ ကင်းဝေးစေရန် ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ILO အဖွဲ့က ပြောသည်။
ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သော ဌာနေကိုယ်စားလှယ် Mr Donglin Li က “လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက အိမ်ထောင်စုတွေ၊ မိသားစုတွေရဲ့ ထိခိုက်လွယ်တဲ့အခြေအနေကို ပိုမို ဆိုးရွားလာစေပြီး ကလေးအလုပ်သမားကို အားကိုးအားထားပြုရတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်။ အခုအချိန်မှာ ကလေးတွေကို ပိုမို ကာကွယ်ပေးဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး အတူတူ ကြိုးပမ်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟုပြောကြားသည်။
ကလေး အလုပ်သမားပပျောက်ရေးသည် လူမှု တရားမျှတမှုရရှိရေး ရည်မှန်းချက်၏ အုတ်မြစ်ဖြစ်ကာ၊ ယင်းမှတစ်ဆင့် အလုပ်သမားတိုင်းသည် တူညီသည့် အခွင့်အလမ်းနှင့် ပြုမှုဆက်ဆံမှုအပေါ် အခြေခံ၍ မိမိတို့ အားထုတ်လုပ်ကိုင် ထောက်ပံ့ပေးခြင်းအားဖြင့် ဖြစ်ထွန်းလာသည့် ကြွယ်ဝ ဖွံ့ဖြိုးမှုများမှ သင့်တင့်မျှတသည့် ဝေစုကို လွတ်လပ်စွာ ရယူခံစားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမားအားလုံးအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် လူမှု တရားမျှတမှုရရှိရေး မြှင့်တင်ဆောင်ရွက်ရန် ကတိကဝတ် ပြုထားခြင်းကို ထပ်မံအတည်ပြုကြောင်း ကလေးအလုပ်သမားဆိုင်ရာ စီမံချက်များကို ဆောင်ရွက် လုပ်ကိုင်နေကြောင်း ILO( မြန်မာ) က ဖော်ပြထားသည်။
Ref——-ILO