၁၃. ၆. ၂၀၂၃
Written By Thandar
My Other Half-The Series မှာ Bisexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာမို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရတာတွေများတယ်လို့ သရုပ်ဆောင် ဟေလရီစိုးက ရင်ဖွင့်လာပါတယ်။
အဆိုပါ ရိုမန့်ဒရာမာ ဇာတ်လမ်းပုံစံ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပေါ်မှာ ကျင်းပခဲ့ပါတယ်။
“My Other Half-The Series မှာ ညီမက Bisexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကားအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရတာတွေများတယ်။ Bisexual LGBT ဆိုတာ ပုံမှန်ကြည့်ရင် မခက်ခဲဘူး ထင်ပေမယ့် တကယ့်တမ်း သူတိုနေရာမှာ သရုပ်ဆောင်ဖို့က ကာရိုက်တာ မမိမှာဆိုးတယ်။ ရိုးရိုးသာမာန် ကာရိုက်တာထက် ဒီကာရိုက်တာကို ပိုသတိထားရတယ်။ ညီမ ဒီဇာတ်ကားမှာတော့ ယောက်ျားလေးရော မိန်းကလေးရောကို စိတ်ဝင်စားသူတစ်ယောက်ဆိုတော့ ပိုတာဝန်ကြီးသွားတယ်။ ကိုယ့်အတွက် စိန်ခေါ်မှုများသလို မရိုက်ခင်ထဲက ဝေဖန်မှုတွေရှိတယ်”လို့ သရုပ်ဆောင် ဟေလရီစိုးက ပြောပါတယ်။
Myanmar Creative Art Media Solution က ဒီဇာတ်လမ်းတွဲကို ဇွန်လ ၁၅ ရက်မှာ စတင်ပြီး ရန်ကုန်မြို့ နေရာအသီးသီးမှာ ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း လုံမက ရေးသားပြီး ဒါရိုက်တာ စမ်းဝတီက သရုပ်ဆောင်တွေ ဖြစ်တဲ့ တိုင်ရွန် ၊ ဘုန်းမင်းနေလ ၊ မှူးထိပ်ထား ၊ ဟေလရီစိုး ၊ မိုလ်ခမ်း ၊ သြဂတ်စ်မိုး စတဲ့သူတွေနဲ့ ရိုက်ကူးထားသလို အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
My Other Half ဇာတ်လမ်းတွဲက ဟေလရီစိုး ဒုတိယ ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးတော့ Horror Series ဇာတ်လမ်းတွဲတစ်ခု ရိုက်ထားတာက ပရိသတ်ရှေ့ကို ရောက်မလာသေးတာလို့လည်း သိရပါတယ်။
“ကိုယ့်ကိုယ်တိုင်က ရည်းစားထားရင်တော့ Boyfriend ထားပေမယ့် Actor ဖြစ်လာတော့ LGBT ကာရိုက်တာလည်း သရုပ်ဆောင်ရမှာပဲလေ။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ မတူတဲ့ ရသပေးနိုင်ရမယ်ဆိုတော့ ဘယ်လိုဇာတ်လာလာ ကြိုးစားကြည့်ချင်တယ်။ အချစ်ဆိုတာ ယောက်ျား၊ မိန်းမမှမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို နားလည်ပေးတဲ့သူ တကယ့်ကို နွေးထွေးတဲ့သူဆိုရင် မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် သံယောဇဥ်တွယ်ကြတာပဲလေ”လို့ သူမကဆက်ပြောပါတယ်။