၁၃. ၆. ၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဈေးကဝယ်လာသည့်မှိ စားရာမှ လူ ၁၃ ဦး အစာအဆိပ်သင့်သောကြောင့် ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် သာစည်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၁၃ ဦးတို့သည် ဝယ်ယူထားသည့် မှိုများကို ချက်ပြုတ်စားသောက်ရာက အစာအဆိပ်သင့်သွားခဲ့ခြင်း ဖြစ်သည်။
“စံပြပိုင်းက ၄ ယောက်၊ မြို့သစ်ပိုင်းက ၅ ယောက်၊ သာစည်ရွာက ၄ ယောက်လို့ သိရတယ်။ သူတို့က ထမင်းစားပြီးတော့ မူးတယ်၊ အန်တယ်။ ပြီးတော့ သတိလစ်သွားတာ။ ဆေးရုံရောက်တဲ့ အချိန်တွေတော့ မတူဘူး။ ၁ နာရီကနေ ညနေ ၄ နာရီအထိ အချိန်အတွင်းမှာ ဆေးရုံ ရောက်လာကြတာ” ဟု ဖြစ်စဉ်ကို စုံစမ်းသိရှိထားသူ အထက်ပါ ဒေသခံက ဆိုသည်။
အထက်ပါ ဖြစ်စဉ်တွင် အချို့က ဈေးက ဝယ်သည်၊ အချို့က လှည့်လည်ရောင်းချသူထံက ဝယ်သည် စသည်ဖြင့် မကွဲပြားသေးကြောင်းလည်း ၎င်းက ဆိုသည်။
“အစာအဆိပ်သင့်တဲ့အထဲမှာ ကျောင်းသား ၂ ယောက်နဲ့ ကျောင်းသူ ၁ ယောက်လည်း ပါတယ်။ သူတို့လည်း သက်သာသွားပြီလို့ သိရတယ်။ စိုးရိမ်စရာ အခြေအနေမကြားမိဘူး” ဟု ၎င်းက ရှင်းပြသည်။