
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ပို့ကုန်/သွင်းကုန်များ ဆောင်ရွက်နေမှုကို တွေ့ရစဥ်(Photo – Asia World)
MT News
Written by Nyein Kyaw
လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုလျော့ကျကာ သွင်းကုန်တင်သွင်းမှု ပိုမိုဆောင်ရွက်ထားသဖြင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ ၁ ရက်မှ ဇွန်လ ၂ ရက်အထိ ပြည်ပနိုင်ငံများနှင့် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၅ ဒသမ ၄ ဘီလျံအထိရှိပြီး ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၂ ဒသမ ၁၄၃ ဘီလျံသာ တင်ပို့နိုင်ခဲ့ကာ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၃ ဒသမ ၃၄၄ ဘီလျံအထိ တင်သွင်းထားခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် သွင်းကုန်တင်သွင်းမှုသည် ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁ ဒသမ ၂၁၀ ဘီလျံ ပို၍ဆောင်ရွက်ထားခြင်းကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၂၁၀ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားသောပို့ကုန်များကို တင်ပို့နေခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်မျာကို တင်သွင်းနေခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံလျာထားခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်ပတ်ခန့်ကျန်ရှိနေသေးသည့် ၂၀၂၃ ခုနှစ် မတ်လအလယ်၌ပင် လျာထားချက်ထက် ဒေါ်လာသုံးဘီလျံကျော်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။