MT News
Written by Nay Aung
မလေးရှားနိုင်ငံ Butter Worth အရပ်ဒေသရှိ နေအိမ်တစ်အိမ်တွင် နေထိုင်နေသော မြန်မာနိုင်ငံသားအချင်းချင်း အငြင်းပွားရန်ဖြစ်ရာမှ မြန်မာနိုင်ငံသားတစ်ဦးဓားဖြင့် ထိုးသ-တ်ခံရပြီး အခြား မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Seberang Perai Utara ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက် အာစရီ ရှာဖီကထုတ်ဖော်ပြောဆိုလိုက်သည်။
မလေးရှားပရိဘောဂစက်ရုံတွင်အလုပ်လုပ်နေသော အသက် ၂၈နှစ်နှင့် အသက် ၄၀ အရွယ်ကြားရှိ မြန်မာနိုင်ငံသားနှစ်ဦးသည် အိမ်တွင် အရက်သောက်ရင်းစကားများရန်ဖြစ်ခဲ့ရာမှ ဓားဖြင့် ထိုးသ-တ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ ဓားဖြင့် အထိုးခံရသော မြန်မာနိုင်ငံသားက ၎င်း၏ ဝမ်းဗိုက်ကို ဓားဖြင့်အထိုးခံခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ပြီး ဇွန်လ ၁၁ ရက် နံနက် ၂ နာရီကျော်တွင် Seberang Jaya ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ဓားဖြင့် ထိုးခဲ့သော မြန်မာနိုင်ငံသားသည် ဓားထိုးမှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်အိမ်မှထွက်ပြေးပြီး ပုန်းနေခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မကြာမီ ဓားထိုးမှုကျူးလွန်သူ အပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှူးကြီး မိုဟာမက် အာစရီရှာဖီက ပြောသည်။
မလေးရှားရဲတပ်ဖွဲ့ဝင်များသည် ဓားထိုးမှုကျူးလွန်ရာတွင် ပါဝင်သူများကို ဖမ်းဆီးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေအိမ်မှ ဖုန်းနှစ်လုံး၊ ဓားတစ်လက်၊ အရက်ပုလင်းနှစ်လုံး၊ သံသယရှိသူဝတ်ဆင်ခဲ့သော အင်္ကျီတို့ကို သိမ်းဆည်းပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲမှူးကြီး မိုဟာမက် အာစရီ ရှာဖီက ပြောသည်။
မလေးရှားရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ၃ ဦးကို စုံစမ်းစစ်ဆေးရန်အတွက် မလေးရှားတရားရုံးချုပ်တွင် ရမန် ၇ ရက်ရယူကာ စစ်ဆေးလျက်ရှိနေကြောင်း ရဲမှူးကြီး ရှာဖီကပြောသည်။
Ref— malaymail