
၁၂. ၆. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေ၍ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများအား ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်နေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာခြင်းမရှိဘဲ ဇွန်လ ၁၂ ရက် (ယနေ့)တွင် ကျပ် ၃၁ သိန်းကျော်သို့ စတင်မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၈၇,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်လည်မြင့်တက်မှုကြောင့် ဇွန်လ ၉ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၃,၀၉၅,၀၀၀ (ကျပ် ၃၁ သိန်းနီးပါး)အထိ ပြန်လည်မြင့်တက်ခဲ့သည်။
ထို့ကြောင့် ဇွန်လဆန်းပိုင်းတွင် ပြည်တွင်း၌ ရွှေဈေးနှုန်းနှင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည့် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးခဲ့ရာတွင် အချို့သော ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများသည် ပြည်ပနှင့်တရားမဝင် ရွှေတင်သွင်း/တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း အထောက်အထားများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း ဆောင်ရွက်ကြောင်း အထောက်အထားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများနှင့် ဆက်စပ်နေခြင်း ရှိ/မရှိ စိစစ်လျက်ရှိပြီး၊ တရားမဝင် ရွှေဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့်အကျိုးအမြတ်ရယူရန် ဆောင်ရွက်ခြင်းများ၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့အတွက် ဆက်လက်ရှာဖွေဖော်ထုတ်လျက်ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများရှိနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းများ ကျဆင်းမှုမရှိဘဲ ထပ်မံမြင့်တက်လျက်ရှိကာ ဇွန်လ ၁၂ ရက် (ယနေ့)တွင် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၃,၁၀၅,၀၀၀ (ကျပ် ၃၁ သိန်းကျော်)သို့ စတင်မြင့်တက်ခဲ့သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇွန်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၅၅ ကျပ်၊ ဇွန်လ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။