၁၂. ၆. ၂၀၂၃
Written by Pan Ei
နာမည်ကျော် တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ရဲ့ တစ်ဦးတည်းသော ထိုင်းအဖွဲ့ဝင် Lisa ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ချပြပေးပြီး နိုင်ငံရဲ့စီးပွားရေးတန်ဖိုးကို မြှင့်တင်ပေးခဲ့တဲ့အတွက် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပချိုင်ဆရီ က ဝန်ကြီးချုပ်ဟာ “လီဆာရဲ့ ထိုင်းရိုးရာအဝတ်အစားတွေ ဝတ်ဆင်တာရယ်၊ သူမရဲ့ရှိုးပွဲတွေနဲ့ အများသူငါလှုပ်ရှားမှုတွေမှာ ထိုင်းနိုင်ငံ အကြောင်းပြောပြပေးပြီး ထိုင်းလူမျိုးဖြစ်ရတာအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြသပေးတဲ့အတွက် ချီးကျူးနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Lisa ဟာ ပြီးခဲ့တဲ့ မေလက ထိုင်းနိုင်ငံမှာ ဖျော်ဖြေပွဲပြီးတဲ့နောက် မိသားစုနဲ့အတူ အနားယူခဲ့ပြီး မေလ ၃၁ ရက်က အယုဒ္ဓယဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်တွေကို ဆက်ကပ်လှူဒါန်းမှုတွေနဲ့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ရာ ရိုးရာဝတ်စုံလေးနဲ့အတူ ကျက်သရေရှိလှတဲ့ Lisa ရဲ့ ပုံရိပ်တွေဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုတွေကြားမှာတင်မကဘဲ နိုင်ငံတကာက ပရိသတ်တွေကိုပါ ကြည်နူးမဆုံး ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် Lisa ဟာ အဲ့နေ့က သူမဝတ်ဆင်ခဲ့တဲ့ ထိုင်းစတိုင် လက်တိုအင်္ကျီ၊ ချည်ထဘီနဲ့ ဓာတ်ပုံတွေကို သူမရဲ့အင်စတေဂရမ်အကောင့်မှာ မကြာသေးမီက တင်ခဲ့ပါတယ်။
သူမရဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့ပြီး ထိုင်းရိုးရာအဝတ်အစားတွေ၊ ထိုင်းနိုင်ငံရဲ့ ခရီးသွားနေရာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာတစ်ဝန်းမှာ အာရုံစိုက် ခံရစေခဲ့ပါတယ်။ Lisa လာရောက်လည်ပတ်ပြီးနောက် ထိုင်းနိုင်ငံရဲ့ ဒေသတွင်းစီးပွားရေးတွေလည်း အားကောင်းလာခဲ့တယ်လို့ သိရပါတယ်။
“Lisa ဟာ မျိုးဆက်သစ်လူငယ်တွေအတွက် စံနမူနာအဖြစ် ဆောင်ရွက်နေပြီး ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ပြီးတော့ ထိုင်းယဉ်ကျေးမှုအမွေအနှစ်တွေ မျှဝေပေးဖို့ ကူညီနေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် Lisa သွားရောက်လည်ပတ်ခဲ့တဲ့ အယုဒ္ဓယရှိ Wat Na Phra Men၊, Wat Mahathat နဲ့ Wat Maenangpleum လို့အမည်ရတဲ့ ရှေးဟောင်းဘုရားကျောင်း သုံးခုကို လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားနေတဲ့ ခရီးသွားတွေကို ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဖိတ်ခေါ်ပါကြောင်းလည်း ထပ်မံ ပြောကြားခဲ့ပါတယ်။
Ref; Bangkok Post