၁၂. ၆. ၂၀၂၃
Written by Nyein Kyaw
အခြေခံပညာသာ အောင်မြင်ထားသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် “ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း” များကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဇွန်လ ၁၉ ရက်တွင် ပထမပိုင်းသင်တန်း စတင်ဖွင့်လှစ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဆန်စက်နဲ့ ပတ်သက်တာတွေက ဆယ်တန်းအောင်လောက်ဆို ရတယ်ခင်ဗျ။ အဓိကတော့ ဒီလူတွေကို အလုပ်အကိုင်အခွင့်အလမ်းပိုရစေဖို့ပေါ့။ Certificate ပါ ပေးတာ။ ဝန်ကြီးဌာနတွေရဲ့ အသိအမှတ်ပြုလက်မှတ်ပေါ့။ အလုပ်အကိုင်အခွင့်အလမ်းကတော့ Certificate ရရင်ရသလို အာမခံချက် ပေးနိုင်တယ်။ ဒီဆန်စက်တွေမှာပေါ့။ သင်တန်းအတွင်း သွားရောက်လေ့လာရမဲ့ ဆန်စက်တွေကလည်း အကြီးစားဆန်စက်တွေ။ ဥပမာ ရွှေဝါရောင်တို့ International Green Land တို့လိုဟာမျိုးတွေပေါ့နော်။ စာမေးပွဲပါဖြေရတာ။ အောင်မှသူတို့ကလည်း ထုတ်ပေးတာပါ” ဟု သင်တန်းစီမံကိန်းကို တာဝန်ယူထားသည့် ဦးထက်အောင်ရှိုင်းက ပြောသည်။
အဆိုပါ “ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း” ဖွင့်လှစ်ခြင်းကို ယခင်က ဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပိုမိုကောင်းမွန်သည့် အစီအစဥ်များဖြင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည့်အတွက် ဇွန်လ ၁၉ ရက်မှ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းအား တက်ရောက်သူများအနေဖြင့် သင်တန်းမှ စီစဥ်ပေးထားသည့် အဆောင်များ၌နေထိုင်ကာ သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
“သင်တန်းကြေးက ကျပ်ငွေ ၂၀၀,၀၀၀ ဖြစ်ပြီး သင်တန်းဖွင့်တဲ့ ၁၉ ရက်နေ့မှာ ပေးသွင်းရမှာဖြစ်ပါတယ်။ လူဦးရေ ကန့်သတ်ချက်တော့ လတ်တလောမရှိဘူး။ ဒါပေမဲ့ ဝန်ကြီးဌာနဘက်က လတ်တလော လျာထားတာက အဆောင်မှာ ၆၀ လျာထားတယ်။ ၅၀ နဲ့ ၆၀ ကြားပေါ့။ လက်ရှိ ကျွန်တော်တို့ဆီမှာ ၃၆ ဦးရှိပြီ” ဟု ဦးထက်အောင်ရှိုင်းက ပြောသည်။
အဆိုပါ သင်တန်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းစီစဥ်ခြင်းဖြစ်ပြီး ဇွန် ၁၉ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအစီအစဥ်ကို နှစ်ပိုင်းခွဲပြုလုပ်သွားမည်ဖြစ်သည်။
ပထမပိုင်းသင်တန်းကို ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်မှ ဇူလိုင် ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ CTQM တွင်လည်းကောင်း ဒုတိယပိုင်းသင်တန်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်မှ ၂၈ ရက်အထိ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဆင်တဲသင်တန်းကျောင်းတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။