၁၂. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဩစတြေးလျနိုင်ငံတွင် မင်္ဂလာပွဲတစ်ခုမှ ပြန်လာကြသော ဧည့်သည်များလိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးမှာ ဇွန်လ ၁၁ ရက်၊ ည ၁၁း၃၀ နာရီ၊ မြူများဆိုင်းနေသည့်အချိန်က နိုင်ငံ၏ အကောင်းဆုံးသော ဝိုင်အရက်ထွက်ရှိရာဒေသတစ်ခုဟု ဆိုကြသည့် နယူးဆောက်ဝေးလ်ပြည်နယ်၊ ဟန်တာချိုင့်ဝှမ်း ဒေသအတွင်း ဂရီတာမြို့(Greta town)တွင် တိမ်းမှောက်ခဲ့ရာ လူဆယ်ဦးသေဆုံးပြီး၊ ၂၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဘတ်စ်ကားပေါ်ပါ ခရီးသည်များက ဝိုင်ထုတ်လုပ်ရာ Wandin နယ်မြေအတွင်း မင်္ဂလာပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏မြို့ဖြစ်သော Singleton မြို့သို့ ပြန်လာကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့လက်ထောက်မင်းကြီး ထရေစီ ချတ်မန်း က ပြောခဲ့သည်။
အသက် ၅၈ နှစ်ရှိ ဘတ်စ်ကားမောင်းနှင်လာသူကိုလည်း ဖမ်းဆီးမိထားကြောင်း သိရသည်။ ကားတိမ်းမှောက်မှုတွင် အရှိန်မြှင့်မောင်းနှင်လာခဲ့မှုက အဓိကအကြောင်းတစ်ရပ်ဖြစ်မည်ဟု သိရသော်လည်း ရဲတပ်ဖွဲ့က ယာဉ်မောင်းအား မည်သည့်စွဲချက်များ ပြုလုပ်မည်ကို မသိရသေးပေ။ ကားတိမ်းမှောက်မှုဖြစ်ပွားစဉ်က ထိုနေရာတွင် မြူများထူထပ်စွာကျရောက်နေကြောင်းလည်း ဖြတ်သန်းသွားလာသူများက ပြောခဲ့ကြသည်။
ကားတိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၅ ဦးရှိသည့်အနက် ဇွန်လ ၁၂ ရက် နံနက်တွင် ဆေးရုံ၌ ၂၁ ဦးကျန် ရှိနေသေးပြီး တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရသည်။ ကျန်ဒဏ်ရာရရှိသူများမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိဘဲ ဒဏ်ရာမရရှိသူ ခရီးသည် ၁၈ ဦးခန့်ရှိကြောင်း သိရသည်။
Ref—– AP