၁၂. ၆. ၂၀၂၃
Written by Nyein Kyaw
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် အခြေခံပညာကျောင်း စုစုပေါင်း ၁,၅၃၀ ကျော် ပျက်စီးခဲ့ရာ လက်ရှိတွင် ကျောင်းပေါင်း ၃၇၅ ကျောင်း ( ၂၅ ရာခိုင်နှုန်းခန့်)ကို ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ပြုပြင်ဆောင်ရွက်နေမှုမျာကို ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ဇွန်လ ၁၁ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁,၅၃၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ဆောင်ရွက်ပြီး ၃၇၅ ကျောင်း၊ ပြုပြင်ဆောင်ရွက်ဆဲ ကျောင်း ၉၉၀ နှင့် ပြုပြင်ဆောင်ရွက်ရန်ကျန် ၁၇၃ ကျောင်းရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပြုပြင်ဆောင်ရွက်ဆဲ အခြခံပညာသင်ကျောင်း ၉၉၀ နှင့် ပြုပြင်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အခြေခံပညာသင်ကျောင်း ၁၇၃ ကျောင်းတွင်လည်း ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အခြားသော အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)သည် မုန်တိုင်းဒဏ်သင့်ဒေသများတွင် အမြန်ပြန်လည်ထူထောင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းပျက်စီးသွားသော တက္ကသိုလ်များ၊ ကျန်းမာရေးဝန်ကြီး ဌာနအဆောက်အဦများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဝန်ထမ်းဆောင်များ၊ လူနေအိမ်များကို တာဝန်ယူပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပညာသင်ကြားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို ဇွန် ၁၀ ရက်အထိ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသားဦးရေ စုစုပေါင်း ၄၇၅,၃၆၀ ရှိကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။