၂၀.၁၀.၂၀၂၂
Written by Hey Mar
ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ကျပ် ၂၁ ဘီလျံကျော် အရှုံးပေါ်ခဲ့သည့် YUPT ယာဥ်လိုင်းများ ယခု ၂၀၂၂ ခုနှစ် နှစ်ဝက်လောက်တွင် ပြန်လည် လည်ပတ်လာနိုင်နေပြီဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်က ကျင်းပသည့် YUPT ကုမ္ပဏီ၏ တတိယအကြိမ်နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှ သိရသည်။
၂၀၂၀ ပြည့်နစ် မတ်လမှစတင် ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ဝင်ငွေစတင်နည်းပါးခဲ့ပြီး ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် ကျပ် ၇ ဒသမ ၁၆ ဘီလျံ ၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျပ် ၉ ဒသမ ၅၂ ဘီလျံ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျပ် ၄ ဒသမ ၅၁ ဘီလျံ အရှုးပေါ်ခဲ့ကြောင်း YUPT ရှယ်ယာရှင်များကို အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်ဒါရိုက်တာ ဦးဝင်းမြင့်က ရှင်းလင်းပြောကြားသည်။
၂၀၂၂ ခုနှစ်တွင် နှစ်စမှ စတင်ကာ တဖြည်းဖြည်း ပြန်လည် လည်ပတ်လာနိုင်သည့်အတွက် ယမန်နှစ် ၂၀၂၁ နိုဝင်ဘာလမှစပြီး ဝန်ထမ်းလစာ ၅၅ ရာခိုင်နှုန်းသာ ပေးချေနိုင်ရာမှ ယခုနှစ် ဧပြီလမှ စတင်ကာ ရာနှုန်းပြည့် ပြန်လည်ပေးချေလာနိုင်ပြီဖြစ်သည်ဟု သိရသည်။
ထို့ပြင် ယခင်က အရှုံးပေါ်သဖြင့် ယာယီ အနားပေးခဲ့ရသော ဝန်ထမ်းများအနက် ၈၀ ဦးကို ပြန်လည်ခန့်အပ်နိုင်ခဲ့ကြောင်းလည်း အစည်းအဝေးမှ သိရသည်။
ယခုအခါ YUPT ကုမ္ပဏီအနေဖြင့် ယာဥ်အစီးရေ ၅၀၀ ကျော် ဝန်ထမ်းပေါင်း ၄၅၀ ဝန်းကျင်နှင့် နေ့စဥ် အများပြည်သူခရီးသွားများကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။
ယခင် NLD အစိုးရဟောင်းလက်ထက် ရန်ကုန်ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း ဦးဆောင်ခဲ့သည့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT Public Co.,LTD) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၃၅ ဘီလျံနှင့် ရှယ်ယာရှင် ၂၈၉ ဦးက ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၅ ဒသမ ၆ဘီလျံကျော် စုစုပေါင်းကျပ် ၄၀ ဘီလျံကျော်နှင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ၂၀၁၉ -၂၀၂၀ ရှေ့ပိုင်းသုံးနှစ်တွင်လည်း အရှုံးပေါ်မှုများကြောင့် အစုရှယ်ယာရှင် ပြည်သူများက တရားစွဲရန် လုပ်ဆောင်ဖူးခြင်း၊ ရှယ်ယာပြန်လည်ရောင်းထုတ်ရန် ကြိုးစားခြင်းများလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။