MT News
Written By Thandar
နာမည်ကြီးအနုပညာရှင်များစွာပါဝင်မယ့် မိုခါရန်ပုံငွေ ဘောလုံးနဲ့ တေးဂီတဖျော်ဖြေပွဲ စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် Thuwana Media Press Conference Room မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က Forever FC အသင်းက ပါဝင်ပြီး ဘောလုံးကန်ကြမှာပါ။ MRTV-4 နဲ့ Channel 7 က သရုပ်ဆောင်တွေနဲ့ အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းပါ။ ကျွန်တော်တို့ အဖွဲ့မှာ Senior ဖြစ်တဲ့ ကိုကောင်းထက်ဇော်ပါမယ်။အောင်ရေချမ်း ၊ ကျော်ဆု ၊ ကိုလင်းမြတ် ၊ နက္ခတ် ၊ ရှင်မွေလ ၊ မင်းဘုန်းမြတ် ၊ မိုးသူရ ၊ ကျွန်တော်ပါမယ်။ အောင်ပိုင် ၊ နက်ရှိုင်းသူ ၊ စောမင်းရာ ၊ မိုးကောင်းကင် စတဲ့ ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေ ပါပါမယ်”လို့ Forever FC အသင်းက မာန်ဟိန်းက ပြောပါတယ်။
အဆိုပါ မိုခါ ရန်ပုံငွေဘောလုံးပွဲမှာ ပါဝင်မယ့် အသင်း ၄ သင်းက အနုပညာရှင်တွေဖြစ်တဲ့ မိုးယံဇွန် ၊ မာန်ဟိန်း ၊ အစ္စဏီ ၊ ဆိုတေး ၊ လင်းမြတ် ၊ အိစိကွေး၊ မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားဟောင်း မျိုးလှိုင်ဝင်း ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းဦးစတဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။
ရန်ပုံငွေ ဘောလုံးပွဲမှာတော့ ရုပ်ရှင်အသင်း (Movie FC) ၊ ဂီတအသင်း (Music FC) ၊ Forever အသင်း (Forever FC) နဲ့ Old Star အသင်း (Old Star FC) တို့က မဲနှိုက်ပြီး ယှဉ်ပြိုင်ရမယ့် အသင်းတွေ ရွေးချယ်ခဲ့ကြပါတယ်။ ဇွန်လ ၁၆ ရက်မှာ ညနေ ၃ နာရီက ၆ နာရီအထိ ဂီတအသင်း (Music FC) နဲ့ Old Star အသင်း (Old Star FC) တို့က တစ်ဖွဲ့ ၊ ရုပ်ရှင်အသင်း (Movie FC) နဲ့ ၊ Forever အသင်း (Forever FC) တို့ကတစ်ဖွဲ့ အသင်းလေးသင်း ဘောလုံးကန်ယှဥ်ပြိုင်မှုကို MRTV – 4 ရုပ်သံလိုင်းနဲ့ Sky Net ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီအသင်းတွေက အနိုင်ရရှိသူ အသင်း ၂ သင်းက ဇွန်လ ၁၇ ရက် နေ့လည် ၂ နာရီက စတင်ပြီး တေးသီချင်းတွေဖျော်ဖြေပြီး ဘောလုံးပွဲ Final ကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မိုခါ ရန်ပုံငွေဘောလုံးပွဲကြည့် လက်မှတ်တွေကို ကျပ် ၃၀၀၀ နဲ့ သု၀ဏ္ဏ ဘောလုံးကွင်း ဂိတ် ၅ အပေါက်မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။