၂၀. ၁၀. ၂၀၂၂
Written by Nay Moe
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြို့နယ်ပေါင်း ၁၈၆ ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ခဲ့သည်ဟု အမေရိကန်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP- Myanmar)၏ အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၃၃ (ဂ) တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားရာတွင် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် အောက်တိုဘာ ၁၂ ရက်အထိ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲများ ပိုမို မြင့်တက်လာခဲ့ပြီး မြို့နယ်ပေါင်း ၁၈၆ ခုတွင် တိုက်ပွဲများ ဖြစ်ပွားကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ တိုက်ပွဲပေါင်း ၃,၇၆၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝန်းအများဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လပေါင်း ၂၀ ခန့်အတွင်း နိုင်ငံအနှံလက်နက်ကိုင်တိုက်ပွဲပေါင်း ၇,၇၀၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထို တိုက်ပွဲများတွင် SAC တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) အကြား တိုက်ပွဲပေါင်း ၄,၅၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ခဲ့သည်။ SAC ၏ တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/CDF/CNDF/KNDF စသဖြင့်) အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၂,၁၆၉ ကြိမ်ထက်မနည်း ရှိသည့်အပြင် EAOs နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခဲ့သည့် တိုက်ပွဲပေါင်းမှာလည်း ၉၀၆ ကြိမ်ထက်မနည်း ရှိသည်ဟု ဖော်ပြခဲ့သည်။
“နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် အထဲမှာ အများဆုံးက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုက်ပွဲပေါင်း အကြိမ် ၈၃၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာထိန်းသိမ်းမှု အလွန် လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို မြင့်တက်လာတာနဲ့အမျှ နိုင်ငံအနှံ့ မြိုနယ်ပေါင်း ၁၈၆ ခု မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါ တယ်။
တဆက်တည်းမှာပဲ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းကတည်းက နှစ်ဖက် အပစ်အခတ်ရပ်နားထားတဲ့ ရခိုင်ပြည်နယ်မှာလည်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တနှစ်နီးပါး အပစ်ရပ်ခဲ့တဲ့ SAC နဲ့ ရခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၂ တနှစ်တည်းမှာတင် ရခိုင်ပြည်နယ်က မြို့နယ် ခြောက်ခုမှာ SAC နဲ့ AA တို့အကြား တိုက်ပွဲအကြိမ်ရေ ၄၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသခံ ၁၀,၉၂၂ ဦးထက်မနည်းမှာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်” ဟု ISP-Myanmar က ဆိုသည်။