၂၀.၁၀.၂၀၂၂
Written by Thi Ha
သီတင်းကျွတ်ကာလအပြီး ရန်ကုန်မြို့စွန်မှ ဧက အကွက်ဟု ခေါ်ဆိုကြသည့် ဥယျာဥ်ခြံမြေစျေးများ ယခင်ထက် စျေးပိုမိုခေါ်ကာ ရောင်းချလာကြပြီး အဆိုပါ မြေကွက်များ ဝယ်ယူလိုသူများအနေဖြင့် ခိုင်မာမှု ရှိ မရှိ သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်း ဥယျာဥ်ခြံမြေ အကျိုးဆောင်အချို့က အကြံပြုသည်။
ယခုအချိန်အခါတွင် ငွေကြေးတန်ဖိုးကျဆင်းနေမှုနှင့်အတူ ရင်းနှီးမြှပ်နှံလုပ်ကိုင်စရာ ပြည်တွင်းအကျိုးစီးပွားအနေဖြင့် ရွှေ၊ ဒေါ်လာ နှင့် အိမ်ခြံမြေသာ ရှိနေသည်။ ထို့ကြောင့် ငွေကြေးရင်းနှီးနိုင်သူများက ထိုလုပ်ငန်း ၃ ခုတွင် စုပြုံ၍ ရင်းနှီးမြှုပ်နှံကြသလို အချို့ကလည်း အကျိုးစီးပွားအတွက် စျေးကစားကြသည်။ ထိုအခါ မူလ တန်ဘိုးထက် ထက်ဝက်မက မြင့်တက်လာသည်။
ထိုသို့ စျေးနှုန်းများတိုးမြှင့်ခေါ်ဆောင်နေကြသော်လည်း မြေခိုင်မာမှုမှာ မတိကျသည်က များသည်ဟု ဥယျာဥ်ခြံမြေ စိတ်ဝင်စားသူ၊ ဝယ်သူအချို့က MT News သို့ ပြောသည်။
“မြို့ပြင်က လယ်မြေ၊ ဥယျာဥ်ခြံမြေစျေးတွေက ရာဂဏာန်းအောက်မှာပဲ ရှိသေးတော့ လူနေထိုင်ခွင့် ခိုင်မာရင် ဝယ်ထားသင့်တာပဲ။ လေး၊ ငါးနှစ်အတွင်း စည်ကားလာတာပဲ။ အဲဒါကြောင့် လိုက်ကြည့်ဖြစ်တယ်။ ဒါပေမယ့် မြေတွေက စာရွက်စာတမ်း စစ်ဆေးကြည့်တဲ့အခါ မခိုင်မာတဲ့ မြေတွေ ဖြစ်နေတာများတယ်”ဟု မြောက်ဒဂုံတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက သူကြုံတွေ့ရသည်ကို ပြောသည်။
ဧကကွက်များကို ဝယ်ယူရာတွင် G မြေအမျိုးအစား ဥယျာဥ်ခြံမြေမှာ စျေးအမြင့်ဆုံးဖြစ်ပြီး ခိုင်မာရှိပြီး သိန်း ၅၀၀ မှ ၂၀၀၀ အကြားတွင်ရှိသည်။ ခိုင်မာသည့် အဆောက်အဦနှင့် အပင်ကြီး နှစ်ရှည်ပင်အမျိုးအစားများ စိုက်ပျိုးခွင့်ရှိသည်။
ဝယ်ယူရန် မသင့်သည့် မြေအမျိုးအစားများမှာ ကိုင်းမြေ၊ ယာမြေ၊ စားကျက်မြေနှင့် သစ်တောမြေများဆိုလျှင် မဝယ်ယူသင့်သော်လည်း ရောင်းချသူအများစုက လယ်မြေဟုသာ ပြောပြီး ရောင်းချကြပြီး လယ်မြေတွင် မည်သည့်မြေ အမျိုးအစားဖြစ်သည်ကိုမူ သေချာစွာ မရှင်းကြသဖြင့် ဝယ်သူက အသေအချာမသိရှိဘဲ ဝယ်ယူခဲ့လျှင် ဆုံးရှုံးနစ်နာမှု ကြုံရမည် ဖြစ်သည်။
“ဥယျာဥ်ခြံမြေက စျေးတအားမြင့်လွန်းတော့ ဝယ်သူတွေက သိန်း ၆၀၊ ၇၀ တန် လယ်မြေတွေကို ပိုစိတ်ဝင်စားကြတယ်။ အဝယ်လိုက်တယ်။ လယ်မြေတွေမှာ ပုံစံ (၇) / ၁၀၅ ကျပြီးသား မြေဆိုရင် ခိုင်မာတယ်။ R1 ,R2 လို စာရွက်စာတမ်းမှာ ပါနေရင် မဝယ်သင့်ဘူး။ R1 က ပထမတန်းစား မိုးကောင်းလယ်မြေ ၊ R2 က ဒုတိယတန်းစား ဒါကြောင့်မို့ မဖြစ်မနေ စိုက်ပျိုးမှု ပြရတယ်။ စုဆောင်းသူတွေ မဝယ်သင့်တဲ့ မြေ၊ R3 ,R4 ဆိုရင်တော့ စပါးအပြင် တစ်ခြား အပင်တွေလဲ စိုက်ပျိုးလို့ရတယ်။ စွန့်စားပြီး ဝယ်မယ်ဆိုရင်လည်း ဝယ်နိုင်ပါတယ်။ ပုံစံ ၁၀၅ ကျပြီးရင်တော့ အစိုးရက စီမံကိန်းရှိလို့ ကိုယ်ဝယ်ထားတဲ့ မြေအသိမ်းခံရရင်တောင် လျော်ကြေးပြန်ရတယ်။ အမည်ပေါက်ပြောင်းခွင့်ရှိတယ်ပေါ့။ ဒါတွေကို ဝယ်သူက ကိုယ်တိုင်လည်း အကြမ်းအားဖြင့် သိထားသင့်သလို ဝယ်မယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ရင် အဝယ်မှား မဖြစ်ဘူးပေါ့ ´ဟု လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင် ရှေ့နေတစ်ဦးက အကြံပြုသည်။