၁၀. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် လာမည့် ရက်သတ္တပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရန်သွားရောက်လိမ့်မည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်တွင် ဖြစ်မည်ဟုမျှော်လင့်ရကြောင်း အမည်ဖော်ပြခြင်းမရှိသော အမေရိကန်အရာရှိတစ်ဦးက ဇွန်လ ၉ ရက်တွင်ပြောကြားခဲ့သည်။
၎င်းက နှစ်နိုင်ငံကြားတင်းမာနေသော ဆက်ဆံရေးများတည်ငြိမ်စေရန်အတွက် အချိန်ကာလကြာမြင့်စွာ နှောင့်နှေးနေရသောဆွေးနွေးပွဲပြုလုပ်ရန် ဘလင်ကန်က ဇွန်လ ၁၈ ရက်တွင် ပေကျင်းသို့ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ သို့သော် အခြားအသေးစိတ်အချက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ဘလင်ကန် က ပေကျင်းမြို့သို့ သွားရောက်ရန်စီစဉ်ထားခဲ့သော်လည်း အမေရိကန်လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ သူလျှိုပူဖောင်းများဟု ယူဆရသော လေပူဖောင်းများကို သံသယ ဖြစ်ဖွယ်တွေ့ရှိခဲ့ပြီးနောက် ခရီးစဉ်ကိုပယ်ဖျက်ခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် တရုတ်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တရုတ်နိုင်ငံသို့ အမေရိကန်အစိုးရတာဝန်ရှိသူများသွားရောက်ရေးအတွက် ပြန်လည်စီစဉ်ရန်စိတ်ထက်သန်မှုရှိခဲ့သည်။ ထိုအချိန်မှာပင် ဇွန်လ ၈ ရက်က Wall Street Journal ၏သတင်းတစ်ပုဒ်တွင် တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်နှင့် မိုင် ၁၀၀(၁၆၀ ကီလိုမီတာ)ခန့် အကွာတွင် အချက်အလက်များခိုးယူနားထောင်နိုင်သော အီလက်ထရောနစ် အဆောက်အအုံတစ်ခုကို ကျူးဘားနိုင်ငံအတွင်းတည်ဆောက်ရန် ကျူးဘားအစိုးရနှင့် လျှို့ဝှက်သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့သည်။
သို့သော် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူကမူ တရုတ်နိုင်ငံ၏ ကျူးဘားနိုင်ငံနှင့် ဆက်ဆံရေးများအတွက် အမေရိကန်အစိုးရက အထူးပင်စိုးရိမ်မှုများရှိသော်လည်း Wall Street Journal ၏သတင်းမှာ တိကျသေချာမှုမရှိကြောင်း ဇွန်လ ၈ ရက်ကပြောခဲ့သည်။ ကျူးဘားအစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလိုစ်ဖာနန်ဒက်ဇ်ကလည်း ထိုသတင်းအားမဟုတ်မှန်ကြောင်းငြင်းဆိုခဲ့ပြီး ကျူးဘားအစိုးရအနေဖြင့် လက်တင်အမေရိကနှင့် ကာရေဘီယန်ဒေသတွင် ပြည်ပတပ်များ တည်ရှိမှုကို လက်မခံဟု ပြောခဲ့သည်။ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကောလာဟလနှင့် အသရေဖျက်သည့် သတင်းများပျံ့နှံ့အောင်လုပ်ခြင်းက “ဟက်ကာ အင်ပါယာကြီး” ဟုခေါ်ရမည့် အမေရိကန်ပြည်ထောင်စု၏ လုပ်နေကျ နည်းဗျူဟာဖြစ်ကြောင်း ဇွန်လ ၉ ရက်က ပြောခဲ့သည်။
တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးချောမွေ့မှုအဆင့်တစ်ရပ်မြှင့်တင်နိုင်ရန် သမ္မတဂျိုးဘိုင်ဒန်အစိုးရက တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲများ ပြုလုပ်ရေးရည်ရွယ်နေချိန်တွင် အဆိုပါ ကျူးဘားကိစ္စက မေးခွန်းထုတ်စရာဖြစ်ခဲ့ရသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်နှင့် တရုတ်တိုင်ပေအနီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ၊ တရုတ်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းများနှင့် နည်းပညာပြိုင်ဆိုင်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားခဲ့ရသည်ဟု အမေရိကန်အစိုးရကဆိုသော်လည်း လက်တွေ့တွင် အမေရိကန်အစိုးရအနေဖြင့် တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးကာ ပဋိပက္ခများကို ရှောင်ရှားလိုနေသည်မှာ ထင်ရှားနေသည်ဟု ဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်ဖော်ပြနေကြောင်း သုံးသပ်ရပေသည်။
Ref—-Asahi Shimbun