၁၀. ၆. ၂၀၂၃
Written by Pan Ei
အလုပ်ချိန်အတွင်း အိမ်သာထဲမှာပဲ အချိန်အတန်ကြာဖြုန်းခဲ့တဲ့ မျိုးရိုးအမည် ဝမ်နဲ့ တရုတ်အမျိုးသားတစ်ဦးဟာ အလုပ်ကနေ ရပ်ဆိုင်းခံလိုက်ပါတယ်။ အဲဒီအမျိုးသားဟာ သန့်စင်ခန်းကို တစ်ခါဝင်ရင် ၄၇ မိနစ်ကနေ ၆ နာရီကြား ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဝမ် ရဲ့ အလုပ်ရှင်ဖြစ်သူက ၁၀ ရက်တာ ကာလအတွင်းမှာ ဝမ်ဟာ သန့်စင်ခန်းသွားဖို့ အားလပ်ချိန် ၂၂ ခါ ယူခဲ့ပြီး တစ်ခါယူရင် ၄၇ မိနစ်ကနေ ၆ နာရီကြား ကြာမြင့်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် တရုတ်နိုင်ငံ တီယန်ဂျင်းမြို့မှ အမည်မဖော်လိုတဲ့ ကုမ္ပဏီက အလုပ်ပျက်ကွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကိုးကားပြီးတော့ ဝမ်ကို အလုပ်ကနေ ရပ်စဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဝမ်အမျိုးသားဟာ အူမကြီးရောဂါအတွက် ခွဲစိတ်ကုသမှုခံယူပြီးနောက် နာကျင်ပြီးတော့ မသက်မသာ ခံစားနေရတာကြောင့် နေ့စဉ် အိမ်သာထဲမှာ သုံးနာရီကနေ ခြောက်နာရီလောက်အထိ အချိန်ကုန်ဆုံးနေခဲ့ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ဝမ်ဟာ သူရဲ့ အလုပ်ပြန်ရဖို့ အချိန်အတန်ကြာ တရားရင်ဆိုင်ခဲ့ပေမဲ့ တီယန်ဂျင်းအထက်တရားရုံးက အဆိုပါ အမျိုးသားရဲ့ သန့်စင်ခန်းထဲမှာ အချိန်ဖြုန်းရတဲ့ အကြောင်းဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ဆုံးဖြတ်ခဲ့လို့ သူဟာ အလုပ်ပြန်မရခဲ့ပါဘူး။
အဆိုပါ အမျိုးသားရဲ့ ဇာတ်လမ်းဟာ အွန်လိုင်းပေါ်မှာ တုံ့ပြန်မှုများစွာရရှိခဲ့ပြီး အင်တာနက်သုံးစွဲသူအချို့က ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်မှုကြောင့် အနားယူတာဟာ တရားမျှတပါတယ်လို့ ခုခံကာကွယ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အချို့ကတော့ ဝေဖန်ခဲ့ကြပြီး “အိမ်သာထဲမှာ သုံးလေးနာရီတောင်နေတာလား။ အထဲမှာ သူအိပ်နေတာများလား။” လို့ လူတစ်ဦးက တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက် Weibo မှာ ရေးသားခဲ့သလို အခြားအင်တာနက်အသုံးပြုသူတစ်ဦးကလည်း “ဒါဆိုသူတကယ်အလုပ်လုပ်နေတာ ဘယ်နှစ်နာရီလဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref; Oddity Central