October 30, 2024

အင်းစိန်ထောင်အား တိုက်ခိုက်ခဲ့သည့် STA အား ငွေကြေးထောက်ပံ့မှုဖြတ်တောက်မည်ဟု ကြေညာထားမှုများကို တွေ့ရစဥ်

၂၀. ၁၀. ၂၀၂၂

Writtrn by Nay Moe

ပြည်သူအများအပြား သေကျေဒဏ်ရာရအောင် အောက်တိုဘာ ၁၉ ရက်တွင် အင်းစိန်ထောင်အား ဗုံးသုံးလုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် Special Task Agency of burma ၏ လုပ်ရပ်ကို ရှုတ်ချကန့်ကွက်၍ ထောက်ပံ့မှုစာရင်းမှ အပြီးသတ်ပယ်ချကြောင်း ဆုံးဖြတ်လိုက်သည်ဟု Fundraising Cranes for U (ထောက်ပံ့ကြိုးကြာများအဖွဲ့) က ကြေညာလိုက်သည်။ ထို့ပြင် Ants Funddraising Team ကလည်း STA အဖွဲ့လုပ်ရပ်အတွက် ထောက်ပံ့ငွေကြေး ဖြတ်တောက်မည်ဟု ကြေညာခဲ့သည်။

“အင်းစိန်​ထောင်​ဖောက်ခွဲမှု ပြုလုပ်ခဲ့တဲ့ STA အဖွဲ့ကို FCU ရဲ့ ​ထောက်ပို့မယ့် အဖွဲ့စာရင်းက​နေ ပယ်ချလိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ရတဲ့ အ​ကြောင်းရင်းက​တော့ နံပါတ်-၁ အများပြည်သူလက်မခံတဲ့ ကိစ္စရပ်​တွေကို လုပ်​ဆောင်ရင် ဒီလိုမျိုးပြစ်ဒဏ် သို့မဟုတ် ဒါ့​ထက်ဆိုးဝါး​တဲ့ ပြစ်ဒဏ်ကို ခံစားရမှာဖြစ်​ကြောင်း ​လက်နက်ကိုင်​တော်လှန်​ရေးသမား​တွေကို အသိ​ပေးလိုတာ၊ နံပါတ်-၂ တောင်းပန်ပါတယ်ဆိုတဲ့ စကားထက် ​တောင်းပန်စရာကိစ္စဖြစ်​အောင် မလုပ်သင့်ကြောင်း အသိ​ပေးလိုတာ၊ နံပါတ်-၃ မိမိတို့ရဲ့ လုပ်​ဆောင်မှု တစ်ခုချင်းစီက​နေ သက်​ရောက်နိုင်​တဲ့ ကိစ္စတွေကို ဆက်စပ်​တွေး​ခေါ်မှု​စေလိုခြင်းကို အသိ​ပေးလိုတာကြောင့် ဖြစ်ပါတယ်” ဟု FCU က ဆိုသည်။

STA အား ထောက်ပို့လုပ်ဆောင်ခြင်းမှ အပြီးသတ်ပယ်ဖျက်ကြောင်း အသိပေးခဲ့သည့် FCU ၏ ထုတ်ပြန်စာတွင် အောက်တိုဘာ ၁၉ ရက် မနက်၉နာရီခွဲအချိန် ရန်ကုန်မြို့ အင်းစိန်ထောင်တွင် Special Task Agency of Burma (STA) အဖွဲ့သည် ပါဆယ်မှတစ်ဆင့် ဗုံးဖောက်ခွဲမှု စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အနီးအနားရှိအပြစ်မဲ့ပြည်သူတစ်ချို့နှင့် ထောင်ဝင်စာလာ ရောက်တွေ့ဆုံသူတို့၏ မိဘများ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာလက်ခံခြင်းများမရှိတော့သဖြင့် ပြင်ပမှ ပို့သသော ဆေးဝါး များကို မှီခိုနေရသည့် အကျဉ်းသားများအတွက် အဆင်မပြေမှုများဖြစ်ပေါ်လာနိုင်သည့်အပြင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်း သားများအပေါ် နဂိုထက် ပိုမိုဖိနှိပ်လာနိုင်ကြောင်း၊ STA အဖွဲ့၏ ယခု mission မှာ အောင်မြင်ခဲ့သော်လည်း ယခု ဆောင်ရွက်ချက်၏ ရိုက်ခတ်မှုသည် မလိုလားအပ်သော ဆုံးရှုံးမှု၊ထိခိုက်မှုများနှင့် နိုင်/ကျဉ်းများအပေါ် အကြမ်းဖက်မှုများ ပိုမိုပြုလုပ်လာမှုများကိုဖြစ်စေသည့်အတွက် ကျွန်ုပ်တို့ FCU ထောက်ပို့ကြိုးကြာ များအနေဖြင့် ယခုလုပ်ဆောင်ချက်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ဤနေရာမှ အသိပေးပြောကြားအပ်သည်ဟု ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းဖြစ်စဉ်အပေါ် အကြိမ်ကြိမ်အခါခါ သုံးသပ်ပြီးနောက်တွင် ယင်း STA အဖွဲ့၏ အမျှော်အမြင်မရှိမှု၊ ဆက်စပ်မတွေးခေါ်မှု့များ ကို ယင်းအဖွဲ့၏ တာဝန်ရှိသူများ အမှားဟု သိရှိစေရန်၊ ထိုအမှားကို တာဝန်ယူစေရန်နှင့် ယခုကဲ့သို့ ဆင်တူသော သို့မဟုတ် ယခုထက်ပိုဆိုး သော ကိစ္စရပ်များကို တစ်ခြားသော အဖွဲ့ များ မဆောင်ရွက်စေရန် အလို့ငှာ FCU အဖွဲ့ တာဝန်ခံများ၏ သဘောညီချက်ဖြင့် ယခု STA အဖွဲ့ကို FCU မှ လစဉ်ထောက်ပို့မည့်အဖွဲ့စာရင်းမှ အပြီးသတ် ပယ်ချလိုက်ပါသည်ဟု အသိပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *