၂၀. ၁၀. ၂၀၂၂
Written by Nay Moe
အပြစ်မဲ့ပြည်သူအများအပြား သေကြေအောင် အင်းစိန်ထောင်၌ ထောင်ဝင်စာတွေ့ချိန် ဗုံးခွဲတိုက်ခိုက်ခဲ့သည့် Special Task Agency of Burma ၏ တိုက်ခိုက်မှုကို NUG ကပါ ကန့်ကွက်ရှုတ်ချခဲ့ပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ကိုပါ အောက်တိုဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် ထုတ်ပြန်လာခဲ့သည်။
STA က အင်းစိန်ထောင်သို့ ထောင်ဝင်စာလာတွေ့ချိန် ဗုံးခွဲတိုက်ခိုက်မှုတွင် နိုင်ငံရေးအကျဥ်းသားများဖြစ်သော ဗကသဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်၊ Dark Shadow အဖွဲ့ဝင် ကိုဟိန်းမင်းထွန်း၏ မိခင်ဒေါ်သန်းကြွယ်၊ အခြားနိုင်ကျဉ်းများ၏ မိခင်များ သေဆုံးခဲ့သည့်အတွက် အသိဉာဏ်မဲ့သောတိုက်ခိုက်မှုအဖြစ် တော်လှန်ရေးအဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချနေချိန်တွင် NUG ကပါ ကန့်ကွက်ရှုတ်ချကာ အရေးယူမည်ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
NUG ၏ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်အချိန်တွင် ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာပေးပို့သည့် နေရာအနီး ပေါက်ကွဲမှု(၂)ကြိမ်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အကျဉ်းဦးစီးဝန်ထမ်းအချို့သာမက ထောင်ဝင်စာပေးပို့ရန်ရောက်ရှိနေသည့် ပြည်သူ အနည်းဆုံး(၅)ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဝမ်းနည်းဖွယ်ကြားသိရသည်။
အဆိုပါ နေ့ရက်သည် အင်းစိန်ထောင်အတွင်း မတရားဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ်ရက်နှင့် ထောင်ဝင်စာပေးပို့နိုင်သည့် ရက်ဖြစ်သောကြောင့် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားသည့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရသည့် အပြစ်မဲ့ပြည်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များနှင့် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟုလည်း သိရှိရသည်။
NUG အနေဖြင့် အဆိုပါ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျက်ရှိသလို အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရခြင်းအကြောင်းရင်း (Cause of Death) ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် SAC က ပြည်သူလူထုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေမှုများအား အကာအကွယ်ပေးရေး ပြည်သူ့ခုခံတော်လှန်စစ်ကို စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်နွှဲလျက်ရှိရာ ယင်း စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲမှ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်၊ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဟူသည့် အချက်များပါရှိသည်။ အဆိုပါ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများကို အားလုံးလိုက်နာနိုင်ရေး သင်တန်းများပို့ချကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသလို အလွယ်တကူ လေ့လာသိရှိနိုင်ရန်လည်း https://mod.nugmyanmar.org/my/pdf-code-of-conduct/ တွင်ဖော်ပြထားပါသည်။ ထို့အပြင် လိုက်နာရန် ပျက်ကွက်မှုများ ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရပ်သားပြည်သူများအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ NUG အနေဖြင့် ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ဟု NUG က ကြေညာခဲ့သည်။