၂၀. ၁၀. ၂၀၂၂
Written by Thettant
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့သည်။
ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်သည်။ ထို့အတူ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်ကြောင်းလည်း သိရသည်။
ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်းအချောထည် အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက်အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်ကြောင်းသိရပြီး ပုလဲအတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၁၉ ရက်၊ ကျောက်မျက်အတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၂၁ ရက်၊ ကျောက်စိမ်းအတွက် အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါကျောက်မျက်ပြပွဲတွင် ဝယ်ယူခွင့်ရရှိပြီး တန်ဖိုးပေးချေထားပြီးဖြစ်သည့် ကျောက်အတွဲများကို Ex Works စနစ်ဖြင့် ဝယ်သူထံ တင်ပို့ပေးမည်ဖြစ်ကာ ကျောက်မျက်ခန်းမမှ မော်တော်ယာဥ်ပေါ်သို့ တင်ပို့ပေးခြင်းနှင့် ရုံးလုပ်ငန်းများကို ရတနာပြပွဲဗဟိုကော်မတီက တာဝန်ယူ၍ ကျန်လုပ်ငန်းစဥ်များကိုမူ ဝယ်ယူသူနှင့် ဝယ်ယူသူများ၏ အကျိုးဆောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။