၈. ၆ .၂၀၂၃
Written by Hey Mar
စပါးရိတ်သိမ်းရမည့်အချိန်ရောက်ခါနီးမှ ဖယ်ရှားရှင်းလင်းခံရသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝလယ်ကွင်းမှ လက်ရှိစိုက်ပျိုးနေသည့် လယ်သမားများက တရားဝင် ရိတ်သိမ်းခွင့်နှင့် စိုက်ပျိုးခွင့်များ ပြန်လည်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများထံ အသနားခံစာပေးပို့တောင်းဆိုသွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းဆုံနှင့် ခရေပင်လမ်းထောင့်ရှိ စမ်းကြီးဝကွင်းအတွင်းမှ လယ်တဲ အချို့နှင့် သီးနှံထားသိုရာ ဂိုဒေါင်တစ်လုံးကို ယမန်နေ့ ဇွန်လ ၇ ရက်နေ့က ဘူဒိုဇာများဖြင့် ဖယ်ရှားရှင်းနေသည်ကို MT News မှ တွေ့မြင်ခဲ့ရသည်။
အဆိုပါ လယ်မြေများမှာ ၂၀၁၄ ခုနှစ်က တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် စမ်းကြီးဝကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧကဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် လယ်သမားတချို့အား လယ်ဧကအချို့ကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၃) ချထားပေးခဲ့သည်။
ထို့နောက်တွင်မူ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖျက်သိမ်းဖယ်ရှားပေးရန် ဒုတိယအကြိမ် စာထုတ်ပြန် ကြေညာပြီး ဖျက်ရမည့်နောက်ဆုံးရက်ကို မေလ ၂၃ ရက်ဟု သတ်မှတ်ပေးခဲ့သည်။ သတ်မှတ်ရက်အတွင်း အပြီးမဖယ်ရှားသည့် အဆောက်အဦများကို ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာမှ ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း ဖြစ်စဥ်အား MT News မှ စုံစမ်းသိရသည်။
သတိပေးအကြောင်းကြားစာပါ အကြောင်းအရာများမှာ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် စမ်းကြီးဝ ကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧကအား State Land အဖြစ်သတ်မှတ်ထားပြီး လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် သတ်မှတ်ပုံစံ (၃) ရရှိထားခြင်း မရှိဘဲ ကျုးလွန်ဆောင်ရွက်နေကြသူများသည် လယ်ယာမြေများအား အဆင့်ဆင့် လက်လွှဲရောင်းချခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆိုလာလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်းနှင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများနှင့် ဆက်စပ်လုပ်ငန်းများအား ဇွန် ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ လယ်သမားများထံ အကြောင်းကြားခဲ့ပြီး ဇွန် ၇ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါကွင်းမှ လယ်သမားတချို့ထံကသိရသည်။ ထိုသို့ ဖယ်ရှားရာတွင် ပုံစံ(၃) ရထားသူများ၏ လယ်တဲများ၊ ဂိုထောင်များပါ ဖယ်ရှားခဲ့ကြသည်ဟု ဆိုသည်။
“အရင်က ကွင်းထဲမှာရှိခဲ့တဲ့ အပြင်ကလာကျုးတဲ့ ကျုးကျော်တဲတွေကိုလည်း လုံခြုံရေးအရဆိုပြီး ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဖျက်ပြီးသွားပြီ။ အခုကျန်တာက လယ်ယာမြေ လုပ်ကိုင်ခွင့် တရားဝင် ပုံစံ (၃) ရထားတဲ့ လယ်သမားတွေရဲ့ လယ်တဲ ၆ တဲနဲ့ သီးနှံမပျက်စီးအောင် သိမ်းထားတဲ့ သိုလှောင်တဲ့ ဂိုထောင်တစ်လုံးပဲ ကွင်းထဲမှာ ရှိတာ။ အဲဒါကို မနေ့က ဘူဒိုဇာတွေနဲ့ လာဖျက်သွားပြီ”ဟု အဆိုပါ လယ်ယာများအတွင်း စိုက်ပျိုးထားသည့် လယ်သမားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပက်သက်ပြီး ယခင်အစိုးရလက်ထက်တွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်မှ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ဖူးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြန်ကြားခဲ့သည့် အကြောင်းပြန်ကြားစာပါ အချက်အလက်များအရ စမ်းကြီးဝကွင်း မြေဧက ၇၀၉ ဒသမ ၁၄ ဧကအား ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ကြောင်းနှင့် တပ်မတော်မှ အသုံးမလိုတော့သည့်အတွက် ပြန်လည်အပ်နှံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်ဇွန်လ ၂၃ ရက်ရက်စွဲဖြင့် နိုင်ငံတော်မှစီမံခန့်ခွဲခွင့်ရှိသည့် State Land အဖြစ် သတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ မြေဧရိယာ ၇၀၉ ဒသမ ၁၄ ဧကအနက် ၉၂ ဒသမ ၆၀ ဧက အားတောင်သူ ၁၈ ဦးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ယာယီလုပ်ကိုင်ခွင့်ပုံစံ (၃) ပေးအပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် လယ်သမား ၁၁၆ ဦးအနက် ပုံစံ (၃) လက်ဝယ်ရရှိသူ ၁၈ ဦးရှိပြီး ကျန်ရှိလယ်သမားများကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စိစစ်ရေးအဖွဲ့မှ သိမ်းဆည်းခံမူလတောင်သူများအား အတည်ပြုနိုင်ရန် စိစစ်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ သက်ဆိုင်ရာဌာနများမှ ပြန်လည်စွန့်လွှတ်ထားသည့် မြေများကိုလည်း သိမ်းဆည်းမြေ စွန့်လွှတ်ခြင်းဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ မူလပိုင်ရှင်တောင်သူများထံသို့ လက်ရောက်အပ်နှံလျက်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် လွှတ်တော်ကိုယ်စားလှယ်များထံ ပြန်ကြားသည့်စာတွင် ဖော်ပြထားပြီးဖြစ်သည်။
ပုံစံ ၃ ကျထားပြီး စပါးစိုက်ပျိုးနေသည့် လယ်သမားတစ်ဦးက”ဒီလယ်တွေက ပလပ်လည်း မဟုတ်ဘူး။ မြေရိုင်းလည်းမဟုတ်ဘူး။ လက်ရှိစိုက်လို့ရလို့ စိုက်နေတာပါ။ အခု ၂ သီး စိုက်တယ်။ လာမယ့် ရာသီကို ၃ သီး စိုက်ဖို့ ရည်ရွယ်ထားတယ်။ စိုက်ပျိုးမြေ လက်ရှိ စိုက်ပျိုးနေသူ တောင်သူတွေအားလုံးပေါင်းရင် ဧက ၁၀၀ နီးပါး ရှိပါတယ်။ နစကဥက္ကဋ္ဌကြီးကလည်း စိုက်ပျိုးမြေတွေမှာ စိုက်ပျိုးဖို့ကို အားပေးနေတာပါ။ အခု ကျွန်တော်တို့မှာက စိုက်ထားပြီးသား လယ်တောင် ရိတ်ခွင့်ရမလား မရိတ်ရဘူးလား။ ကွင်းထဲဝင်ရိတ်လို့ ရ မရဆိုတဲ့ အခြေအနေဖြစ်နေပြီ။ စပါးတွေလည်း ပျက်တော့မဲ့ အခြေအနေဖြစ်နေပါပြီ။ လယ်တွေ စိုက်တုန်းကလည်း စိုက်ပျိုးရေးဝန်ကြီးဌာနက သွင်းအားစုကအစ၊ ရေသွင်းဖို့အထိ အားလုံးဆောင်ရွက်ပေးထားတာပါ။ အခု ရိတ်သိမ်းခါနီးကျမှ ပုံစံ (၃) ကျထားသူတွေရဲ့ လယ်တွေပါ ဖယ်ရှားခံရတဲ့ အခြေအနေဖြစ်တာပါ”ဟု သူ့ ခံစားချက်ကို MT News မှ တစ်ဆင့် ပြောသည်။