MT News
Written by Peya
ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မအူပင်မြို့ရှိ ရွှေဘုန်းမြင့်စေတီတော်ကြီး ထီးတော် ထိခိုက်ခဲ့ကြောင်း ဒေသခံများထံက ကနဦး စုံစမ်းသိရှိရသည်။
ဇွန်လ ၇ ရက် မြန်မာစံတော်ချိန် ညနေပိုင်း ၄ နာရီ ၂၃ မိနစ်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။
“ငလျင်လှုပ်တာက သိသိသာသာ လှုပ်ခတ်သွားတယ်။ ပြီးတော့ ရွှေဘုန်းမြင့်စေတီတော်ကြီးရဲ့ ထီးတော်ကိုလည်း ထိခိုက်သွားတယ်လို့ သိရတယ်။ ကျန်တာတော့ မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ငလျင်လှုပ်သည့် ဖြစ်စဉ်ကို ရန်ကုန်မြို့တွင်လည်း ခံစားခဲ့ရပြီး ငလျင်နှင့် ပတ်သက်၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြန်လည်ဝေမျှခြင်းများ ပြုလုပ်ခဲ့ကြသည်။
“အိပ်နေရင်းကနေ လန့်နိုးတဲ့အထိ လှုပ်သွားတာပါ။ မူးဝေ ယိုင်ထိုးသွားတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ငလျင်မှာ အင်အားအနည်းငယ်သာရှိသော်လည်း မြေအောက် ၆ မိုင်ကျော်ရုံမှကပ်၍ လှုပ်ခတ်ခဲ့ခြင်းကြောင့် သိသိသာသာခံစားခဲ့ရခြင်းဖြစ်ကာ အဆိုပါငလျင်ကြောင့် နေအိမ်များပျက်စီးခြင်းရှိခဲ့သလို ညနေ ၅ နာရီခန့်တွင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်စာမျက်နှာတွင် မှတ်ချက်ပေးနေမှုများလည်းရှိနေကာ အဆိုပါထပ်ဆင့်ဖြစ်ရပ်များကို MT News သတင်းဌာနက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။